အာရှရဲ့အသက်ကြီးဆုံးမိုဒယ်၊ အသက် ၉၆ နှစ်အရွယ် Alice Pang

ကိုယ့်ရဲ့အိပ်မက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ စောတယ်၊ နောက်ကျတယ် ဆိုတာ မရှိပါဘူး။ တချို့က အိပ်မက်ကို သင့်တော်တဲ့ အချိန်မှာ အကောင်အထည်ပေါ်လာပေမဲ့ တချို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် အိပ်မက်ဆီအရောက်လှမ်းဖို့ ကြန့်ကြာနေတတ် ပါတယ်။ ဒါပေမဲ့ အချိန်နှောင်းသွားပြီဆိုပြီးတော့ အိပ်မက်ကို မစွန့်လွှတ်လိုက်ပါနဲ့။ အိပ်မက်ကို အကောင်အထည် ဖော်ရာမှာ အသက်က လည်း အဓိကမကျပါဘူး။ အဲဒီအချက် ကို အသက် ၉၆ နှစ်အရွယ် အဘွား Alice Pang က သက်သေပြခဲ့ပါတယ်။


Gucci, Ellery နဲ့ Valentino တို့လို နာမည်ကျော် တန်ဖိုးကြီးကုန်ပစ္စည်းအမှတ်တံဆိပ်တွေအတွက် မိုဒယ်အဖြစ် ဆောင်ရွက်နေတဲ့ အဲလစ် ဟာ အသက် ၉၆ နှစ်အရွယ် ရှိပြီဖြစ်တာကြောင့် လက်ရှိမှာ အာရှရဲ့အသက် အကြီးဆုံး မိုဒယ်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ ငွေရောင်ဆံကေသာပိုင်ရှင် မိုဒယ်တစ်ယောက် အဖြစ် သူ့ကိုယ်သူ ရည်ညွှန်းလေ့ရှိတဲ့ အဲလစ်ဟာ ဟောင်ကောင်ဖွား တရုတ်အမျိုးသမီး တစ်ယောက် ဖြစ်ပါတယ်။ အသက် ၉၆ နှစ် ဆိုပေမဲ့ သူ့ထက် ဆယ်နှစ်ကျော်လောက် ငယ်တဲ့သူတွေထက်တောင် ပိုမိုနုပျိုပါတယ်။


YiTiao က ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာတော့ အဲလစ်က သူ့အသက် ၉၃ နှစ်အရွယ်ကစလို့ မိုဒယ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။ “ကျွန်မအသက် ၉၃ နှစ်မှာ မိုဒယ်လောကထဲ ဝင်ရောက်ခဲ့တာပါ။ ဒီနှစ်ကတော့ ကျွန်မအတွက် မိုဒယ်လုပ်တဲ့ တတိယမြောက်နှစ်ပါပဲ” လို့ ဖြေကြားခဲ့တာပါ။ အဲလစ်ဟာ အလှကုန်နဲ့ ကင်မရာ အပါအဝင် ကုန်ပစ္စည်းတချို့အတွက်လည်း စီးပွားရေးကြော်ငြာတွေ ရိုက်ကူးခဲ့ ပါတယ်။


အဲလစ်ဟာ မြေးမဖြစ်သူက သက်ကြီးမိုဒယ်ရှာဖွေနေတဲ့ ကြော်ငြာတစ်ခုကို တွေ့ရှိပြီးနောက်မှာ အခုလို မိုဒယ်အလုပ်ကို စလုပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ “အသက် ၆၅ နှစ်အထက် သက်ကြီးမိုဒယ်တွေကို ငှားရမ်းနေတာ ကို ကျွန်မမြေးမလေးကတွေ့ပြီး ကျွန်မဓာတ်ပုံတွေ ပို့ပေးခဲ့တာပါ။ သူတို့က ကျွန်မကိုသဘောကျသွားကြတယ်” လို့လည်း အဲလစ်က ဆိုပါတယ်။ “ကျွန်မ စစချင်းမှာ ဘယ်လိုမိုဒယ်လုပ်ရ မှန်း မသိခဲ့ပါဘူး။ အဲဒါကြောင့် မန်နေဂျာက အများကြီးသင်ပေးခဲ့ရပါ တယ်။” လို့လည်း ဆိုပါတယ်။


အဲလစ်ဟာ အစပိုင်းမှာ မိုဒယ်အရမ်းဖြစ်ချင်ခဲ့တာ မဟုတ်ပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့အလုပ်သစ် အပေါ်မှာ စိတ်ဝင်စားမှုပိုတိုး လာတယ်လို့ ဆိုပါတယ်။ သူမရဲ့ ဖြူဖွေးတဲ့အသားအရေနဲ့ ကိုယ်နေဟန်ထားက မိုဒယ်တစ်ယောက်ဖြစ်လာဖို့ အတော်လေး အထောက်အကူဖြစ်စေပါတယ်။ အဲလစ်ဟာ အခုလို ကောင်းမွန် နေတဲ့ သူရဲ့ကျန်းမာရေးနဲ့ ကိုယ်နေဟန်ထားအတွက်  သတ်သတ်မှတ်မှတ် လေ့ကျင့်ခန်းလုပ်တာမျိုး မရှိပါဘူး။


Alice Pang ကို ၁၉၂၃ ခုနှစ်က မွေးဖွားခဲ့ပြီး သူ့ရဲ့မိုဒယ်လုပ်သက်ဟာ ၃ နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့လည်း အဲလစ်ဟာ ကင်မရာရှေ့မှာတော့ လုံးဝကို သဘာဝကျပြီး ဓာတ်ပုံကောင်းတွေထွက်အောင် ပို့စ်ပေးတတ်သူ ဖြစ်ပါတယ်။

သူမဟာ အမြဲလှလှပပ ဝတ်စားရတာကို သဘောကျသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူမအသက် အရွယ်နဲ့ သင့်လျော်တဲ့ အဝတ်အစားကိုသာ ဝတ်ဆင်သင့်ကြောင်း ဝေဖန်ကြသူတွေရှိပေမဲ့ အဲလစ်ကတော့ အဲဒါတွေ အားလုံးကို လျစ်လျူရှုထားပါတယ်။ “ကျွန်မ အဲဒါတွေကို လျစ်လျူရှုထားပါတယ်။ ကျွန်မဘဝကို ကျွန်မပျော် တယ်၊ ကျွန်မရဲ့နှလုံးသားစေရာအတိုင်း လိုက်ပါတယ်။ တခြားလူတွေဘာမြင်မြင် ကျွန်မအတွက် အနှောင့်အယှက်မဖြစ်ပါဘူး၊ အဆင်ပြေပါတယ်။” လို့လည်း အဲလစ်ကဆိုပါတယ်။


ဒီအသက်အရွယ်မှာ ခေတ်မီအဝတ်အထည်အမျိုးမျိုးကို ဝတ်ဆင်ရပြီး မိုဒယ်တစ်ယောက်ဘဝကို ခံယူတာဟာ လူတချို့အတွက် ဝေဖန်စရာဖြစ်နိုင်တာကို သိပေမဲ့ အဲလစ်ကတော့ သူ့အိပ်မက်ကို ရဲရဲဝံ့ဝံ့ အကောင်အထည် ဖော်ခဲ့သူ ဖြစ်ပါတယ်။


by Cherry Mon
Ref; Good Times, NOC

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။