အသက် ၅၀ မတိုင်ခင် ကမ္ဘာ့ ပလတ်စတစ်ဆာဂျရီပြုပြင်မှု အများဆုံးဖြစ်ချင်တဲ့ အမျိုးသမီး

ဒီခေတ်မှာ မျက်နှာခွဲစိတ်ပြုပြင်မှုတွေ ခေတ်စားလာသလို ဘာဘီရုပ်နဲ့တူအောင် ပြုပြင်ပြောင်းလဲကြသူတွေ လည်း ရှိပါတယ်။ ယူကေရဲ့ အသက်အကြီးဆုံးဘာဘီပုံတူလို့ ခေါ်ဆိုရမယ့် လန်ဒန်တောင်ပိုင်းမြို့တော်သူ ရေချယ်အီဗန် (Rachel Evans) ဆိုသူ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးဟာလည်း အဲဒီလို ဘာဘီနဲ့ တူအောင် ခွဲစိတ်ပြုပြင်ထားသူ ဖြစ်ပါတယ်။ ပိုမိုထူးခြားတာကတော့ သူမဟာ တကယ့်လူသားဘာဘီ တစ်ယောက်ဖြစ်လာဖို့အတွက် ၁၃ နှစ်အတွင်းမှာ ခွဲစိတ်မှုနဲ့ ပြုပြင်မှုပေါင်း ၁၀၅ ကြိမ် ပြုလုပ်ခဲ့တာကြောင့်ပါပဲ။


အဲဒီလိုခွဲစိတ်ပြုပြင်မှုအတွက် ကုန်ကျစရိတ်အနေနဲ့ ပေါင် ၃၂,၀၀၀ ကျော် ကုန်ကျခဲ့ပါတယ်။ သူမရဲ့ ထူးခြားတဲ့ ဆန္ဒတစ်ခုကတော့ အသက် ၅၀ မပြည့်ခင် ကမ္ဘာမှာ ပလတ်စတစ်ဆာဂျရီ အများဆုံးပြုလုပ်တဲ့ အမျိုးသမီး ဖြစ်ချင်တာပါပဲ။ သူရဲ့ပြုပြင်မှုတွေထဲမှာ ခွဲစိတ်မှုတွေတင် မကဘဲ Botox injection ထိုးခြင်း၊ filler ထိုးခြင်း၊ မျက်လုံးဆာဂျရီ၊ ခွဲစိတ်မှုမဟုတ်တဲ့ ပြုပြင်မှုတွေနဲ့ ပြုပြင် ထိန်းသိမ်းမှုများစွာ ပါဝင်ပါတယ်။


ပြီးခဲ့တဲ့ မေ ၁၃ တုန်း ကလည်း သူမရဲ့အသက်အရွယ်ကြီးရင့်မှုကို ကာဗာလုပ်ဖို့အတွက် ခွဲစိတ်မှုမဟုတ်တဲ့ ပေါင် ၅၀၀ တန် တတိယ အကြိမ်မြောက် ပြုပြင်မှုကို ပြုလုပ်ခဲ့ပါသေးတယ်။ ရေချယ်ဟာ အသက် ၅၀ အရွယ်မှာ အသက် ၃၀ လို ဖြစ်နေဖို့အတွက် သူမရဲ့အသက် ၅၀ ပြည့် မွေးနေ့မတိုင်ခင်မှာ နောက်ထပ် ခွဲစိတ်ပြုပြင်မှုပေါင်း ၇ ခု ထပ်လုပ်ဖို့လည်း စီစဉ်ထားပြီးပါပြီ။


ကလေးတစ်ယောက်မိခင်ဖြစ်တဲ့ ရေချယ်ဟာ သူမမျက်နှာ လုံးဝပြီးပြည့်စုံအောင် မလှပမချင်း၊ ဘီဘာရုပ်နဲ့ မတူမချင်း၊ အဲဒီလိုခွဲစိတ်မှုနဲ့ ပြုပြင်မှုတွေ လုပ်တာကို မရပ်တန့်ဘူးလို့ ဆိုပါတယ်။ “ဒါက ကျွန်မရဲ့ဘဝနေထိုင်မှု ပုံစံပါပဲ။ အသက်အရွယ်ကြီးရင့်မှုကို ရပ်တန့်နိုင်အောင် တတ်နိုင်သလောက် လုပ်လို့ရတာမှန်သမျှ လုပ်နေပါ တယ်။ ခွဲစိတ်မှုတွေက လိုကို လိုအပ်ပါတယ်” လို့လည်း သူမက ဆိုပါတယ်။


ဒီနှစ်အတွင်းမှာပဲ ပြုပြင်မှု ၆ ကြိမ်တိတိ ပြုလုပ်ခဲ့ပြီး ဖြစ်ပေမဲ့လည်း နောက်ထပ် ထပ်လုပ်ဖို့ရှိသေးတယ်လို့ လည်း သူမက ဆိုပါတယ်။ အရင်က ခွဲစိတ်မှုပေါင်းများစွာ လုပ်ခဲ့ဖူးတဲ့ ရေချယ်ဟာ နာကျင်မှုဒဏ်တွေကို အတော်လေးခံနိုင်ရည် ရှိနေပြီး သူမအတွက် recovery time ဟာ နှစ်ရက်လောက်ပဲ ကြာတယ်လို့ ဆိုပါတယ်။


အသက် ၅၀ မတိုင်ခင်မှာ ခွဲစိတ်ပြုပြင်မှုတွေ ထပ်လုပ်ဦးမယ့် ရေချယ်ဟာ နှာခေါင်းခွဲစိတ်မှုနဲ့ လည်ပင်း တင်းရင်းအောင် ပြုပြင်မှုကိုလည်း ထပ်လုပ်ဖို့ ကြိုတင်စာရင်းပေးသွင်းထားပြီးလည်း ဖြစ်ပါတယ်။ “ကျွန်မမှာ ငယ်ရွယ်ပုံပေါက်တဲ့ ဘီကီနီခန္ဓာကိုယ်မျိုး ရှိပါတယ်။ အဲဒါကြောင့် မျက်နှာကိုလည်း ကျွန်မခန္ဓာကိုယ်နဲ့ လိုက်ဖက်အောင် လုပ်ချင်ပါတယ်” လို့လည်း ရေချယ်က ထုတ်ပြောခဲ့ပါတယ်။    


ရေချယ်အီဗန်လို ခွဲစိတ်ပြုပြင်မှုတွေအပေါ် ရူးသွပ်လွန်းသူတွေ ရှိပေမဲ့ သူ့လောက် ရူးသွပ်ခုံမင်လွန်းသူကတော့ ရှားပါတယ်။


by Cherry Mon
Ref; Daily Mail

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။