ကားလမ်းမပေါ် ဖြတ်ကူးနေတဲ့ မိကျောင်းကြီးအတွက် လမ်းရှင်းပေးခဲ့တဲ့ မက္ကဆီကို ရဲ

သွေးအေးသတ္တဝါတစ်မျိုးဖြစ်တဲ့ မိကျောင်းတွေကို မြစ်ချောင်းရေကန်တွေထဲမှာ တွေ့မြင်နေကျ ဖြစ်ပေမဲ့ မိကျောင်းတစ်ကောင် ကားလမ်းမ အလယ်မှာ ရောက်နေတာကတော့ အတော်လေးဆန်းပြားတဲ့ ကိစ္စတစ်ခုပါ။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မက္ကဆီကိုက ကားတွေရှုပ်ထွေး များပြားလှတဲ့ လမ်းမကြီးပေါ်မှာ အရွယ်အစားကြီးမာ တဲ့ မိကျောင်းကြီးတစ်ကောင် လမ်းဖြတ်ကူးလာတာကြောင့် တွေ့မြင်ရသူအပေါင်း အံ့သြတကြီး ဖြစ်ခဲ့ကြပါတယ်။


အဲဒီမိကျောင်းကြီးဟာ အဲဒီဒေသမှာတော့ လူသိများပြီး ဒေသခံတွေက “Juancho” လို့ နာမည်ခေါ်ဝေါ်ကြပါ တယ်။ မိကျောင်းကြီး လမ်းပေါ် ဖြတ်ကူးနေချိန်မှာ ကြင်နာတတ်တဲ့ မက္ကဆီကန်ရဲတွေဟာလည်း လမ်းနှစ်ဖက် လုံးကို ရှင်းလင်းပေးခဲ့ပါတယ်။ မိကျောင်းကြီးဟာ အဲဒီ လမ်းမကြီးကနေ ဖြတ်ပြီး သူနေထိုင်ရာ မက္ကဆီကန် အရှေ့မြောက်ပိုင်းက Tamaulipas မှာရှိတဲ့ Tampico မြို့ ရေကန်ဆီကို သွားနေဟန်တူပါတယ်။


Boulevard Fidel Velazquez လမ်းပေါ်မှာ မိကျောင်းကြီး လမ်းဖြတ်ကူးနေပုံနဲ့ ရဲတွေက လမ်းရှင်းပေးထားပုံကို လမ်းမပေါ်မှာရပ်နေတဲ့ ကားတွေပေါ်က ခရီးသည်တွေဟာ ဗီဒီယိုနဲ့ ဓာတ်ပုံတွေရိုက်ကူးပြီး မှတ်တမ်းတင်ခဲ့ကြ တာ ဖြစ်ပါတယ်။ အဲဒီဗီဒီယိုကို လူမှုကွက်ယက် စာမျက်နှာပေါ်တင်ခဲ့ရာမှာလည်း ကြည့်ရှုသူများပြားခဲ့ပါတယ်။ ဗီဒီယိုထဲမှာ တန်းစီရပ်တန့်ပေးထားတဲ့ ကားတွေရဲ့ရှေ့ကနေ လမ်းဖြတ်ကူး နေတဲ့ မိကျောင်းကြီးနဲ့ ယာဉ်ကြော ကို တားပေးနေတဲ့ ရဲတွေ တွေ့မြင်ရပါတယ်။


ဒေသတွင်းမီဒီယာတွေရဲ့ အဆိုအရ Tampico က မီးသတ်သမားတွေဟာ မိကျောင်းကြီးကို အနီးဆုံးရေကန်ဆီ ပြန်လည်ပို့ဆောင်ပေးရာမှာ ကူညီဖို့အတွက် အဲဒီနေရာကို ရောက်ရှိလာကြပါတယ်။ သက်ဆိုင်ရာကတော့ မိကျောင်းဟာ ညဘက်မှာ ရေကန်ကနေ ထွက်လာဟန်တူပြီး အခုနေ့ပိုင်းရောက်ချိန်မှာတော့ ပူပြင်းတဲ့ နေရောင်ကနေ အေးမြတဲ့ ရေကန်ဆီ ပြန်ချင်ပုံရတယ်လို့ ယူဆခဲ့ပါတယ်။


အဲဒီအဖြစ်အပျက်နောက်ပိုင်းမှာ သက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က မိကျောင်းဟာ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ ရေကန်ဆီ ပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ မိကျောင်း ဆိုတာ သူ့ဘာသူရေထဲမှာ ငြိမ်နေတတ်တဲ့ သွေးအေး သတ္တဝါမျိုး ဖြစ်ပေမဲ့ အသက်အန္တရာယ်အများကြီးပေးနိုင် တာကြောင့် အခုလိုလူတွေစည်ကားများပြားရာ ကုန်းပေါ်ရောက်လာတာဟာ အတော်လေးအန္တရာယ်များပါ တယ်။ ဒါပေမဲ့ မက္ကဆီကိုက ရဲတွေနဲ့ သက်ဆိုင်ရာက လူတွေကိုရော မိကျောင်းကိုပါ မထိခိုက်စေဘဲ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းနိုင်ခဲ့ပါတယ်။


by Cherry Mon
Ref: Daily Mail

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။