ဓားစာခံအဖြစ် လည်ပင်းဓားထောက်ခံနေရချိန်မှာတောင် ဆယ်လ်ဖီဆွဲခဲ့တဲ့ အမျိုးသမီးကြီး

တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ယနေ့ခေတ်မှာ လူကြီးလူငယ်မရွေး Selfie ဆွဲခြင်းကို ခုံမင်စွာ ရိုက်လာကြပြီး ကိုယ့်ရဲ့ ပင်ကိုယ်ရုပ်တောင် ပျောက်သွားအောင် စွမ်းနိုင်တဲ့ Effect App တွေလည်း များစွာ ပေါများလာပါတယ်။ အခုလည်း ဘရာဇီးနိုင်ငံက အမျိုးသမီးကြီးတစ်ဦးဟာ တရားခံတစ်ဦးမှ သူရဲ့ လည်ပင်းကို ဓားနဲ့ထောက်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရချိန်မှာတောင် Selfie ဆွဲခဲ့ခြင်းကြောင့် နာမည်ကြီးခဲ့ပါတယ်။

အဆိုပါ ဓားစာခံအလုပ်ခံရတဲ့ အမျိုးသမီးကြီးရဲ့ နာမည်ဟာ Maria Analia da Conceição လို့ခေါ်ပြီး အသက်(၆၀)နှစ်အရွယ် ရှိနေပြီလို့ သိရပါတယ်။ ဖြစ်စဉ်အကျဉ်းချုပ်အရ သူမဟာ São Paulo မြို့လယ်ခေါင်ရှိ ဘက်စ်ကားဂိတ်မှာ ဘက်စ်ကား စောင့်နေစဉ် အကြမ်းဖက်လိုသူ အမျိုးသမီးရဲ့ ဓားစားခံလုပ်ခြင်း ခံခဲ့ရပါတယ်။ Maria ကလည်း သူမကို ဓားနဲ့ ထောက်ထားတဲ့အကြောင်း ရဲတွေကို အကြောင်းကြားနိုင်ဖို့ Selfie  ဆွဲခဲ့တယ်လို့ သိရပါတယ်။

ဓားကိုင်ထားတဲ့ အမျိုးသမီးဟာ Maria ကို နောက်က ချုပ်ထားပြီး လည်ပင်းကို ဓားနဲ့ထောက်ကာ “ ရှင်ပဲ .. ကျွန်မ အသက်ကို ကယ်နိုင်မယ်။ သတင်းစာတိုက်တွေကို ဖုန်းဆက်စမ်း ” ဆိုပြီး ပြောခဲ့ပါတယ်။ အဲ့နောက် Maria ဟာ သတင်းစာတိုက်တွေရဲ့ လိပ်စာကို ရှာသလိုလိုနဲ့ အသက်အန္တရာယ်ကြားထဲမှာ သူမနဲ့ တွေ့ဆုံဖို့ ချိန်းထားတဲ့ စိတ်ပညာအထူးကု ဆရာဝန်ထံ Message ရေးသားပို့ခဲ့ပါတယ်။ နောက်ပြီး Selfie  ပုံ တစ်ပုံရိုက်ကူးပြီးတော့လည်း ဆရာဝန်ထံပို့ကာ ဆရာဝန်မှတဆင့် ရဲတွေဆီကို အကြောင်းကြားခိုင်းလိုက်ပါတယ်။

သူမရဲ့ လုပ်ဆောင်ချက်တွေကို သတိမထားမိတဲ့ အကြမ်းဖက်အမျိုးသမီးဟာ ဘေးလူတွေကိုသာ အာရုံစိုက်နေခြင်းကြောင့် အခုလို ရဲတွေ ရောက်ရှိလာတာဖြစ်ကြောင်းကို သူမ ရှင်းပြခဲ့ပါတယ်။ အဲ့နောက် ရဲများရောက်ရှိလာပြီး ပြစ်မှုကျူးလွန်သူကို တရားချခဲ့ပါတယ်။ နောက်ဆုံးမှာ ပြစ်မှုကျူးလွန်သူဟာ သူမလက်ထဲက ဓားကို ပစ်ချပြီး ရဲတွေဆီမှာ အဖမ်းခံခဲ့ကြောင်း သိရပါတယ်။ အခုအချိန်ထိတော့ ပြစ်မှုကျူးလွန်သူ မည်သူမည်ဝါဆိုတာ ရဲက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ 

Source; fabiosa.com.br

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။