ရှားပါး အပြာရောင်ပုဇွန်ထုပ်ကြီးကို ချက်မစားပဲ ပြတိုက်ကိုလှုဒါန်းခဲ့တဲ့ ဆိုင်ရှင်

ဇွန် ၁၆၊ မက်ဆာချုးဆက်၊ အမေရိက။

နေသန် နစ်ကာဆန် ဟာ သူ့မျက်လုံးတွေတောင် သူမယုံနိုင်ဖြစ်ခဲ့ရတယ်။ တောက်ပပြီး စိုလက်နေတဲ့ အပြာရောင်သတ္တဝါတစ်ကောင်ဟာ ရေခဲရိုက်ထားတဲ့ ကမာ၊ ဘဝဲ၊ ခရု နဲ့ တခြားပင်လယ်သတ္တဝါတွေကြားထဲမှာ လှုပ်ရှားနေတယ်။ 

နေသန်က အမေရိက၊ မက်ဆာချုးဆက်မှာ Arnold's Lobster & Clam Bar ဆိုတဲ့ပင်လယ်စာဆိုင်တစ်ဆိုင်ဖွင့်ထားတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကမှာထားတဲ့ ပင်လယ်စာကုန်ကြမ်းတွေရောက်လာတော့ အဲ့ဒီအပြာရောင်သတ္တဝါကို သူတွေ့လိုက်ရတာပဲ။

အဲ့ဒီသတ္တဝါကတော့ ပုစွန်ထုတ်ကြီးတစ်ကောင်ပါ။ သူတအံ့တသြနဲ့ထအော်လိုက်တော့ ဘေးနားက လူတေအကုန်ဝိုင်းလာတယ်။ လှပတဲ့သတ္တဝါကြီးကို ဝိုင်းကြည့်နေတယ်။ တစ်ချို့က ဓာတ်ပုံရိုက်ယူကြတယ်။

" တကယ်ဗျာ .. သူ့လိုအရောင်မျိုးတွေ့ဖူးတာ ဒါပထမဆုံးပဲ။ လူတွေက တအံ့တသြနဲ့ဝိုင်းကြည့်နေကြတာ။ ဘယ်လိုများဖြစ်သလဲပေါ့ "

တကယ်လည်း အပြာရောင် ပုဇွန်ထုတ်တွေဟာ ရှားပါးသတ္တဝါကြီးတွေပါ။ ပုံမှန်ဆို ပင်လယ်ပုဇွန်ထုပ်တွေက ညိုညစ်ညစ်၊ ချော့ကလက်ရောင်၊ အစိမ်းပုပ် နဲ့ သံချေးကိုက်နေတဲ့အဝါရောင်လိုမျိုးပဲရှိတတ်တာ။ အဲ့ဒီလိုအပြာရောင်မျိုးရှိဖို့ဆိုတာ ပင်လယ်ပုဇွန်ထုပ်ကောင်ရေ တစ်သန်း နဲ့ နှစ်သန်းကြားမှ တစ်ကောင်ပဲ ပါတတ်တယ်။ အဲ့ဒီအတွက် rare လို့ပြောမရတော့ပါဘူး။ very rare, extremely rare, cosmically rare လို့ပြောရမယ်။

အပြာရောင်သန်းနေရတဲ့အကြောင်းရင်းကတော့ မျိုးဗီဇ genes တွေထဲမှာ ပုံမှန်ထက် ပိုမိုများပြားတဲ့ ပရိုတင်း နဲ့ ရောင်ခြယ်ပစ္စည်းတွေကို ထုတ်လွှတ်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ပူဇွန်ထုတ်သုတေသန အင်စတီကျု့က ဆိုပါတယ်။

ရှားပါးပြီး လှပတဲ့ဒီသတ္တဝါကြီးကို နေသန် က စားဖို့ဆန္ဒမရှိတော့ပါဘူး။ အဲဒီအတွက် စိန့်လူးဝစ် ရေသတ္တဝါပြတိုက်ကို လှုဒါန်းသွားမယ်လို့သူကဆိုတယ်။ တစ်ချို့ကတော့ နေသန် အနေနဲ့ ဒီသတ္တဝါကို ရေထဲပဲပြန်လွှတ်ပေးဖို့ကောင်းတယ်လို့ဆိုတယ်။ ဒါပေမယ့် နေသန်က ငြင်းပါတယ်။

" Cape Cod ကမ်းခြေမှာက သဲတွေအဲ့လောက်ပေါတာ။ နောက်ပြီး ရေကလည်း တိမ်လွန်းတယ်။ လွှတ်ပေးတော့ရော ဒီလိုကမ်းခြေမျိုးမှာ သူဘယ်လောက်များအသက်ရှင်နိုင်မှာမို့လို့လဲ .. နောက်ပြီး ပုဇွန်ထုပ်မြှုံးတွေကလည်း ထောင်နဲ့ချီနေတာ .. သေချာတယ် .. သွားလွှတ်ပေးရင်တော့ ဒီကောင်ပြန်ဖမ်းမိမှာပဲ .. နောက်တစ်ယောက်ကတော့ ကျွန်တော့်လိုအလှကြည့်ချင်မှကြည့်လိမ့်မယ်"  လို့နေသန်က ဆိုတယ်။

လက်ရှိမှာတော့ ပုစွန်ထုတ်ကြီးကို ပြတိုက်မပို့ခင် သူ့ဆိုင်မှာ တစ်ပတ်နှစ်ပတ်လောက်အထိ ပြသထားမယ်လို့ နေသန်က CNN ကို ပြောပါတယ်။

" ဒီကောင်ကြီးကို လာကြည့်ပြီး ရေသတ္တဝါတွေ နဲ့ ပင်လယ်သယံဇာတွေကို ထိန်းသိမ်းရကောင်းမှန်းသိစေဖို့ရည်ရွယ်ချက်ပါ။ လာကြည့်တဲ့သူတွေထဲမှာ နောင်တစ်ချိန် ပင်လယ်သတ္တဝါတွေအကြောင်း သုတေသနလုပ်မယ့် ဇီဝသိပ္ပံပညာရှင်ပေါက်စလေးတွေမပါဘူးလို့ပြောမရဘူးလေ "

ရှားပါးတဲ့ ပင်လယ်ပုဇွန်ထုပ်ကြီးကို ရှာဖွေတွေ့မှုက အခုတစ်ကြိမ်တည်းတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၁ လောက်က တရုတ်နိုင်ငံမှာ အပြာရောင်ပုဇွန်ထုပ်ကြီးတစ်ကောင်ကို ရှာတွေ့ခဲ့တဲ့သတင်းကြားမိတယ်။ ဒါပေမယ့် သူ့ရဲ့ကံကြမ္မာက ဘယ်လိုဖြစ်သလဲမသိရပါဘူး။ နောက်ပြီး အပြာရောင် Crawfish ( ပုဇွန်ထုပ်မျိုးနွယ်ဝင် ) တစ်ကောင်ကိုလည်း အမေရိက မှာ မိတဲ့အကြောင်းဖတ်ရပါသေးတယ်။

" ပုဇွန်ထုပ်တွေက တော်တော်အံ့သြဖို့ကောင်းတဲ့ကောင်တွေဗျ။ ရာ နဲ့ ထောင်နဲ့ချီပြီး အေးစက်နေတဲ့ ရေအနက်ထဲမှာနေကြတာ " လို့ ပုဇွန်ထုပ်နဲ့ဓာတ်ပုံရိုက်ခံရင်း သူက ပြုံးပြုံးကြီးပြောပါတယ်။

Gabriel
Source - CNN ( A restaurant got a rare blue lobster in its shipment. Instead of cooking it, the owner is donating it to an aquarium )



 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။