အရက်နဲ့မကင်းနိုင်ရင် ဒါလေးတွေတော့ သိထားပေးပါ

အရက်သောက်တာဟာ အသည်းကိုသာမက အစာအိမ်နဲ့အူလမ်းကြောင်းကိုလည်း ကောင်းကောင်း ဒုက္ခပေးနိုင်ပါသေးတယ်။ အရက်နည်းနည်းပဲသောက်ရင်တောင်မှ အစာအိမ်က အက်ဆစ်တွေပိုထွက်လာပြီး အစာအိမ်ကိုရောင်ရမ်းနိုင်ခြေရှိပါတယ်။ ဒီနောက်မှာတော့ ဗိုက်အောင့်တာ၊ ရင်ပူတာ၊ အန်တာ၊ ဝမ်းလျှောတာနဲ့ အသောက်များသွားတဲ့သူတွေမှာ သွေးအန်တာမျိုးအထိဖြစ်နိုင်ပါတယ်။

ရေရှည်များများသောက်သွားမယ်ဆိုရင်တော့ ပါးစပ်၊ လျှာ၊ နှုတ်ခမ်း၊ လည်ချောင်း၊ အစာအိမ်၊ မုန့်ချိုအိတ်နဲ့ အူမကြီးကင်ဆာတွေအထိဖြစ်သွားနိုင်ပါတယ်။ အဖြစ်အများဆုံးကတော့ အရက်သောက်တဲ့အခါ အစာအိမ်ရေမျိုပြွန်တလျောက်အက်ဆစ်တွေပြန်ဆန်တက်တာနဲ့ ရင်ပူ၊ ဗိုက်အောင့်တာတွေခံစားရနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ 

ခက်တာက အရက်ဘီယာဆိုတာကလည်း အခုခေတ်မှာက ပွဲတွေဘာတွေတက်ရင် မပါမဖြစ်တဲ့အရာတစ်ခုဖြစ်လာတယ်။ လူမှုပေါင်းသင်းရေးကောင်းဖို့အတွက် မဖြစ်မနေသောက်ရတဲ့အရာတစ်ခုလိုဖြစ်လာတယ်။ ဒီတော့လုံးဝမသောက်ဘဲတော့ နေလို့မရတဲ့အခြေအနေတွေဖြစ်လာတော့တာပေါ့။ အရက်သောက်ရင် အပေါ်မှာပြောထားသလို အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေဖြစ်မှာလည်းကြောက်ရသေးတယ်။ ဘယ်လိုလုပ်ကြရပါ့မလဲ။

အရက်ကိုရောသောက်ပါ 

အရက်ချည်းသပ်သပ်သောက်တာနဲ့ ရောသောက်တာ အစာအိမ်ကိုထိခိုက်တာ မတူညီပါဘူး။ အရက်ချည်းပဲ အများကြီးသောက်တာထက် အပျော့စားဖျော်ရည်တစ်ခုခုနဲ့ရောသောက်တာက အစာအိမ်ကို အထိခိုက်နည်းစေပါတယ်။

အကိုက်အခဲပျောက်ဆေးတွေကိုရှောင်ပါ

အစာအိမ်အောင့်လို့ဆိုပြီး အကိုက်အခဲပျောက်ဆေးတွေကို သောက်ဖို့မကြိုးစားပါနဲ့။ ကိုယ်လိုချင်တာနဲ့ ဆန့်ကျင်ဘက်တွေဖြစ်ကုန်ပြီး ဗိုက်အောင့်တာ ပိုဆိုးလာစေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေက နဂိုကတည်းကမှ အစာအိမ်ကိုရောင်ရမ်းစေတာဆိုတော့ အရက်သောက်ထားလို့ အစာအိမ်ရောင်ရမ်းနေတဲ့အချိန်မှာ အများကြီးပိုဆိုးသွားစေနိုင်ပြီး သွေးအန်တာမျိုးထိဖြစ်နိုင်ပါတယ်။

အစားအသောက်ဂရုစိုက်ပါ

အရက်ကနဂိုကတည်းက အစာအိမ်ကိုရောင်ရမ်းစေနိုင်တဲ့အတွက် အရက်သောက်တဲ့အခါ ပူတဲ့စပ်တဲ့အစားအသောက်တွေကို အရမ်းကြီးမစားဖို့ သတိရသင့်ပါတယ်။ အဲဒီအစား အမျှင်ဓာတ်များတဲ့အစားအသောက်တွေဖြစ်တဲ့ အသီးအရွက်တွေ၊ ကာဗိုဟိုက်ဒရိတ်များတဲ့ ထမင်း၊ ပေါင်မုန့်လို အစားအသောက်တွေကို ပိုစားသင့်ပါတယ်။

အစာအိမ်ဆေးသောက်ပါ

အကောင်းဆုံးနည်းလမ်းကတော့ အစာအိမ်ဆေးသောက်ပါ။ အရက်မသောက်ခင်ဖြစ်ဖြစ်၊ သောက်ပြီးသွားချိန်မှာဖြစ်ဖြစ် အစာအိမ်ထဲမှာ အရက်ကြောင့်ထွက်လာတဲ့အက်ဆစ်တွေကို ချေဖျက်ပေးနိုင်တဲ့အစွမ်းသတ္တိနဲ့ အရက်သောက်ချိန်မှာ စကားပြောရင်း အစားစားရင်းလေတွေဝင်သွားတာတွေကို ချေဖျက်ဖို့အစွမ်းသတ္တိတွေပါဝင်တဲ့ အစာကြေဆေးကို သောက်သုံးသင့်ပါတယ်။ ဒီအတွက်တော့ (Hydrosil) တို့ (air-X) တို့လိုမျိုး ဒီမှာလည်း အလွယ်တကူဝယ်လို့ရတာမျိုးတွေ သောက်လို့ရပါတယ်။ အရက်ကြောင့်ပိုထွက်လာတဲ့ အစာအိမ်အက်ဆစ်တွေကို ချေဖျက်ပေးတဲ့သတ္တိနဲ့ ဗိုက်ထဲမှာပြည့်တင်းဖောင်းနေသလိုဖြစ်နေမယ့် လေတွေကို ဖြိုခွင်းပေးနိုင်လို့ အရက်သောက်သုံးပြီး အစာအိမ်ထိခိုက်တာတွေအတွက်အကောင်းဆုံး ကာကွယ်မှုကို ပေးနိုင်ပါလိမ့်မယ်။

အရက်ကို လုံးဝမသောက်တာကတော့ အကောင်းဆုံးပါ။ အကယ်၍မရှောင်နိုင်ဘူးဆိုရင်တော့ အပေါ်ကပြောခဲ့တဲ့အချက်လေးတွေအတိုင်း ကာကွယ်ခြင်းဖြင့် အရက်ကြောင့် ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို အထိုက်အလျောက်တော့ ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။