LGBT Pride Month မှာ သူတို့ရဲ့ဆက်ဆံရေးကို public ချပြလိုက်တဲ့ Cara နဲ့ Ashley တို့ စုံတွဲ

LGBT Pride Month အဖြစ် သတ်မှတ်ထားတဲ့ ဇွန်လမှာ လိင်တူချစ်သူတွေဟာ LGBT ပွဲတွေနဲ့ လှုပ်ရှားမှုတွေ ကျင်းပဆင်နွှဲကြပါတယ်။ နိုင်ငံတကာက လိင်တူချစ်သူတွေတင်မကဘဲ နာမည်ကျော်ဆယ်လီတွေကလည်း ကိုယ်တိုင်ပါဝင်ဆင်နွှဲကြသလို ထောက်ခံအားပေးမှုကို လည်း ပြသကြပါတယ်။ အဲဒီလို ဆင်နွှဲကြသူတွေထဲမှာ နာမည်ကျော် မိုဒယ်မင်းသမီးတွေဖြစ်ကြတဲ့ Cara Delevingne နဲ့ Ashley Benson တို့ စုံတွဲလေးလည်း ပါဝင်ပါတယ်။


ကာရာနဲ့ အက်ရှ်လေတို့ မိန်းမချင်းတွဲခုတ်နေကြတာ တစ်နှစ်ကျော်ကြာပါပြီ။ ကာရာကိုယ်တိုင်ကလည်း သူဟာ မိန်းမချင်းစိတ်ဝင်စားသူ Lesbian တစ်ယောက်ဖြစ်ကြောင်း ဖွင့်ဟဝန်ခံထားတာ ကြာပြီဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ဦးတွဲခုတ်တာကိုတော့ တရားဝင် public ချပြတာမျိုး မရှိခဲ့ပါဘူး။ အခု LBGT Pride Month ဖြစ်တဲ့ အခုလမှာတော့ သူတိုု့နှစ်ယောက်ရဲ့အချစ်ကို public ချပြလိုက်ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ကာရာဟာ သူ့ရဲ့ Instagram မှာ သူနဲ့ အက်ရှ်လေတို့ အနမ်းချွေနေတဲ့ပုံကို တင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဓာတ်ပုံနဲ့အတူ သက်တန့်ရောင်ပြေးနေတဲ့ #PRIDE စာသားနဲ့ သက်တန့်ပုံ၊ အသည်း emoji လေးတွေကိုလည်း ရေးတင်ခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် ကာရာနဲ့ အသက် ၂၉ နှစ်အရွယ် အက်ရှ်လေတို့ဟာ သူတို့နှစ်ယောက်အတူ သရုပ်ဆောင်ထားတဲ့ ၂၀၁၈ ခုနှစ်ရဲ့ Her Smell ဇာတ်လမ်းရိုက်ကူးချိန်က စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီတုန်းက လန်ဒန်၊ Heathrow လေဆိပ်မှာ နှစ်ဦးသားနမ်းနေတဲ့ပုံတွေ ပျံ့နှံ့သွားပြီးကတည်းက သူတို့နှစ်ယောက်တွဲနေကြတာကို သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်။


အဲဒီနောက်ပိုင်းကစလို့ သူတို့နှစ်ယောက်ဟာ အားလပ်ချိန်တိုင်းမှာ အတူတကွရှိခဲ့ကြပေမဲ့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကို လျှို့ဝှက်ထားခဲ့ကြတာပါ။ ကာရာကတော့ သူဟာ ယောကျ်ားရော မိန်းမချင်းကိုပါ စိတ်ဝင်စား တဲ့ bisexual ဖြစ်ကြောင်းကို ၂၀၁၅ ခုနှစ်ကတည်းက ဝန်ခံခဲ့တာပါ။ ကာရာဟာ Jake Bugg နဲ့ Harry Style တို့လို နာမည်ကျော်ဂီတသမား အမျိုးသားများစွာနဲ့လည်း တွဲခုတ်ဖူးသူ ဖြစ်ပါတယ်။


မိန်းမချင်းအနေနဲ့တော့ ကာရာဟာ အဆိုတော် Rita Ora, Fast & Furious ဇာတ်လမ်းတွေထဲက သရုပ်ဆောင် မင်းသမီးတစ်ယောက် ဖြစ်တဲ့ Michelle Rodriguez, Paris Jackson တို့နဲ့ တွဲခဲ့ဖူးပါတယ်။ ကာရာနဲ့ ဟိုးလေးတကျော်တွဲခုတ်ခဲ့သူကတော့ St Vincent အဖြစ် နာမည်ကျေ်ာလူသိများတဲ့ ဂီတပညာရှင် Annie Clark ပါပဲ။ သူတို့နှစ်ယောက်ဟာ တစ်နှစ်ခွဲလောက်တွဲခဲ့ကြပြီး ၂၀၁၆ ခုနှစ်မှာ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။


ယောကျာ်းချင်းပဲတွဲတွဲ၊ မိန်းမချင်းပဲတွဲတွဲ၊ သူတို့ဘဝကို သူတို့စိတ်ကြိုက်ဖန်တီးတာဖြစ်လို့၊ အဲဒါဟာ သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးဖြစ်ပြီး ဘယ်သူ့ကိုမှလည်း မထိခိုက်တဲ့ သူတို့ရဲ့လွတ်လပ်ခွင့်လည်း ဖြစ်ပါတယ်။ အဲဒါကြောင့် LGBT အချင်းချင်းသာမကဘဲ straight တွေကလည်း ထောက်ခံအားပေးနေကြတာပါ။   


by Cherry Mon
Ref; Daily Mail



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။