ကြိုတင်လက်မှတ်ရောင်းအားကောင်းပြီး review ကောင်းတွေနဲ့ ပွဲဦးထွက်လှမယ့် Toy Story 4

Disney နဲ့ Pixar တို့ ပူပေါင်းဖန်တီးလိုက်တဲ့ computer-animated ကာတွန်းရုပ်ရှင် Toy Story 4 ကို ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဟောလိဝုဒ်မှာ ဖွင့်ပွဲအနေနဲ့ ပွဲဦးထွက်ပြသခဲ့ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ကတော့ လာမယ့် ဇွန် ၂၁ ရက်နေ့၊ အခုတစ်ပတ် သောကြာမှာမှ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ပွဲဦးထွက်ပြသပြီး နောက်မှာတော့ Toy Story 4 နဲ့ ပတ်သက်လို့ review တွေ ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။


Toy Story 4 နဲ့ ပတ်သက်လို့ reviewer တွေက positive review ကောင်းတွေ ပေးခဲ့ကြပြီး နိုင်ငံတကာရုပ်ရုင် တွေကို review နဲ့ rating တွေ သတ်မှတ်ပေးတဲ့ နာမည်ကျော် Rotten Tomatoes မှာလည်း rating 100 % ရရှိနေပါတယ်။ Toy Story 4 ရဲ့ trailer တွေ ထွက်ရှိချိန်က အဲဒီလောက်ထင်မှတ်မထားကြပေမဲ့လည်း တကယ်တမ်း ပွဲဦးထွက်ပြသပြီးချိန်မှာတော့ Toy Story 4 ဟာ အဖွင့်လှတယ်လို့ ဆိုရမှာပါ။


ပျမ်းမျှ rating အနေနဲ့ 8.52/10 ရရှိထားတဲ့ Toy Story 4 ဟာ ဇာတ်လမ်းဇာတ်ကွက်ကြောင့်တင်မကဘဲ animation၊ စိတ်နေသဘောထား၊ စိတ်ခံစားမှုနဲ့ အကောင်းမွန်ဆုံး အသံသရုပ်ဆောင်မှုတွေကို ပေါင်းစပ်ထား တာကြောင့်လည်း အခုလို review ကောင်းတွေ ရရှိထားတာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ရုံတင်ပြသချိန် ရောက်ရှိလာရင်လည်း Box Office မှာ ထိပ်တန်းက ဦးဆောင်ပြီး အောင်မြင်မှုရရှိမှာ သေချာသလောက်ပါပဲ။


Toy Story 4 အတွက် ကြိုတင်လက်မှတ်တွေကို မေ ၂၈ ရက်ကတည်းက စတင်ရောင်းချခဲ့ပြီး ရောင်းချတဲ့ ပထမဆုံး ၂၄ နာရီမှာပဲ animated ရုပ်ရှင်တစ်ကားအနေနဲ့ ရောင်းအားအကောင်းဆုံးစံချိန်တင်သွားခဲ့ပါတယ်။ Toy Story 4 ရဲ့ ကြိုတင်လက်မှတ်အတွက် ရောင်းရငွေဟာ အရင်က ရောင်းအားအကောင်းဆုံး animated ရုပ်ရှင်သုံးကား (Incredibles 2, Ralph Breaks the Internet နဲ့ Hotel Transylvania 3: Summer Vacation) ထက်  ၅၀ ရာခိုင်နှုန်းနီးပါး ပိုများတယ်လို့ ဆိုပါတယ်။ Toy Story 4 ရဲ့ ရောင်းရငွေဟာ အခုလက်ရှိ US Box Office မှာ အဖွင့်အနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၁၈၀ ကနေ ၂၀၀ အထိ ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီဝင်ငွေပမာဏဟာ Incredibles 2 ရဲ့ သုံးရက်စာစုစုပေါင်းဝင်ငွေထက်တောင် ပိုများပါတယ်။


Toy Story 4 ဟာ နာမည်ကျော်ကာတွန်းရုပ်ရှင် Toy Story series ရဲ့ လေးခုမြောက်ဇာတ်လမ်း ဖြစ်ပါတယ်။ Toy Story 3 ကို ၂၀၁၀ ပြည့်နှစ်ကတည်းက ရိုက်ကူးပြသခဲ့တာကြောင့် ၉ နှစ်လောက်ကြာပြီးမှ ပြန်ပေါ်လာတာပါ။ အရင်က နာမည်ကျော်ပြီးသား ကာတွန်းရုပ်ရှင်ဖြစ်သလို ပရိသတ်တွေ မျှော်နေကြတဲ့ ဇာတ်လမ်း တစ်ပုဒ်လည်း ဖြစ်တဲ့ Toy Story 4 ဟာ အသံသရုပ်ဆောင် ရွေးချယ်မှုမှာလည်း နာမည်ကျော်လူကြိုက်များတဲ့ ဝါရင့်ဟောလိဝုဒ်မင်းသားကြီးတွေကို ရွေးချယ်ထည့်သွင်းထားပါတယ်။


ဒါရိုက်တာ Josh Cooley ရဲ့ Toy Story 4 ဇာတ်လမ်းသစ်မှာ နာမည်ကျော်ဟောလိဝုဒ်မင်းသားကြီး Tom Hanks နဲ့ Tim Allen တို့က အရင် Toy Story ဇာတ်လမ်းတွေလိုပဲ Woody နဲ့ Buzz အဖြစ် ဆက်လက် အသံသရုပ်ဆောင်ထားပါတယ်။ ထူးခြားချက်ကတော့ John Wick မင်းသားအဖြစ် လူသိများနေတဲ့ နာမည်ကျော် ဟောလိဝုဒ်မင်းသားကြီး Keanu Reeves က Duke Caboom ဆိုတဲ့ ကာတွန်းဇာတ်ကောင် နေရာက အသံသရုပ်ဆောင် ထားတာပါပဲ။ ဒါ့ပြင် Annie Potts, Tony Hale, Keegan-Michael Key, Jordan Peele နဲ့ Christina Hendricks တို့အပါအဝင် သရုပ်ဆောင်များစွာက အသံနဲ့ အားဖြည့်ပါဝင်ထားပါတယ်။


by Cherry Mon
Ref; Comic Book, Rotten Tomatoes, Wikipedia

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။