ဂင်ဂိုစေ့ (သို့မဟုတ်) နှစ်တစ်ရာသီးရဲ့ စိတ်ဝင်စားစရာ သမိုင်းကြောင်း

တရုတ် စားသောက်ဆိုင်တွေမှာ ဟင်းချိုတွေ၊ ဟင်းနှပ်တွေမှာ အသုံးပြုတဲ့ နှစ်တစ်ရာသီး ဆိုတာ ဂင်ဂိုပင်ရဲ့ အစေ့ပဲ ဖြစ်ပါတယ်။ ဂင်ဂိုဆိုတဲ့ နာမည်က ဂျပန်ဘာသာ ကနေ လာတာပါ။ဂျပန်နိုင်ငံနဲ့ ကနေဒါနိုင်ငံက မြို့သူမြို့သားတွေ အဖို့တော့ ဂင်ဂိုပင် (Ginkgo) နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်မှာပါ။ တခြားဘယ်သစ်ပင်မှာမှ မတွေ့နိုင်တဲ့ ထူးထူးခြားခြား ယပ်တောင်ပုံသဏ္ဌာန် ရှိတဲ့ ဂင်ဂိုရွက်တွေကို တခါ မြင်ဖူးရင် တစ်သက် မေ့နိုင်မှာ မဟုတ်ပါ။ ရန်ကုန်သားတွေကတော့ ဂင်ဂိုပင်ကို သိပ် မြင်ဖူးကြမှာ မဟုတ်ပါ။ ဒါပေမယ့် တရုတ်ဟင်းလျာတွေ စားဖူးတဲ့သူဆိုရင်တော့ နှစ်တစ်ရာသီးလို့ခေါ်တဲ့ ဂင်ဂိုအစေ့ကို စားဖူးကြပါလိမ့်မယ်။ ။ ဂင် (Gin) ဆိုတာ ငွေရောင်လို့ အဓိပ္ပါယ်ရပြီး၊ ကယို (Gyo) က မက်မွန်သီးလို့ အဓိပ္ပါယ်ရပါတယ်။ ဂင်ဂိုအစေ့မှည့်လာရင် အဖြူရောင်ပြောင်းလာတာကြောင့် ဒါဟာ ဂင်ဂိုအစေ့မှည့်တွေကို ရည်ညွှန်းတဲ့ နာမည်ဖြစ်ပါတယ်. . .

ဂင်ဂိုပင်တွေက ပထမဦးဆုံး နှစ်(၃ဝ)အတွင်းမှာ ကြီးထွားနှုန်း မြန်ပါတယ်။ ဘယ်လောက်မြန်လဲဆိုရင် တစ်နှစ်ကို တစ်ပေနှုန်းလောက်နဲ့ မြင့်လာတာပါ။ နွေဆို ပူပြီး ဆောင်းဆိုရင် အသင့်အတင့် မိုးရွာတဲ့ သမပိုင်းဆန်ဆန် မြေထဲပင်လယ်ရာသီဥတုမျိုးကို နှစ်သက်ပါတယ်။ ဂင်ဂိုတွေဟာ အန္တရာယ် အနှောက်အယှက်မရှိရင်၊ နှစ် တစ်ထောင်ကျော် အသက်ရှည်နိုင်တာ အံ့သြဖို့ကောင်းပါတယ်။ ယနေ့ခေတ် အာရှတိုက် ဂင်ဂိုပင် အတော်များများဟာ နှစ်ရာဂဏန်း သက်တမ်းရှိပါပြီ။

ကျောက်လွှာတွေထဲက ရုပ်ကြွင်းမှတ်တမ်း (Fossil Record) ကနေ ပြောရရင်၊ ရှေးအကျဆုံး ဂင်ဂိုရွက် ရုပ်ကြွင်းကို လွန်ခဲ့တဲ့ နှစ်သန်း ၂၇ဝခန့် သက်တမ်းရှိတဲ့ ကျောက်လွှာမှာ စပြီး တွေ့ရပါတယ်။ ဆိုလိုတာကတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၇၀တည်းက နှစ်တစ်ရာသီးပင်တွေရှိခဲ့တာပါ။ ဒါဟာ လူသားသက်တမ်းထက် အဆပေါင်းမြောက်များပိုစောပါတယ်။ ဂင်ဂိုစေ့မှာ အဆိပ်အတောက် ရှိပေမယ့် အရှေ့တိုင်းမှာတော့ ဆေးဖက်ဝင်တယ်လို့ သတ်မှတ်ကြတယ်။ အရှေ့တိုင်း အစားအစာမှာဆိုရင်လည်း နှစ်တစ်ရာသီးလို့ ခေါ်တဲ့ ဂင်ဂိုစေ့ကို ဟင်းချိုတွေ၊ အသားဟင်းတွေ၊ အမြည်းတွေမှာ ထည့်သုံးကြပါတယ်။ အနောက်တိုင်းကတော့ ဂင်ဂိုရွက်ဟာ မှတ်ဉာဏ်ကောင်းစေတယ်လို့ ယူဆပြီး ဂင်ဂိုရွက်ကနေ စစ်ထုတ်ထားတဲ့ ဓာတ်ပစ္စည်းတွေနဲ့ ဆေးဖော်ပါတယ်။ အဲဒီ့ ဆေးဖက်ဝင်ကြောင်း ယူဆချက်နှစ်ခုလုံးမှာ သိပ္ပံနည်းကျ အထောက်အထားတော့ မရှိပါဘူး။ ဂင်ဂိုအရွက်တော့ မသိပေမယ့်၊ ဂင်ဂိုအစေ့ကတော့ ချိုသလို၊ ခါးသလို အရသာမျိုးကို ကြိုက်ရင်တော့ စားလို့ကောင်းမှာပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ်၊ မိတ်ဆွေအနေနဲ့ တရုတ်စားသောက်ဆိုင်က ဟင်းပွဲတွေထဲမှာ ပါလာတတ်တဲ့ နှစ်တစ်ရာသီးတွေ သုံးဆောင်ခဲ့ရင်၊ လွန်ခဲ့တဲ့နှစ်သန်း ၁၄ဝကျော်က ဧရာမဒိုင်နိုဆောကြီးတွေဟာလည်း ဒီနှစ်တစ်ရာသီးတွေကို မြိန်မြိန်ယှက်ယှက် မှီဝဲခဲ့ကြတယ်ဆိုတာကို အောက်မေ့သတိရစေချင်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။