အရင်က မပြခဲ့တဲ့ ဇာတ်ဝင်ခန်းသစ်တွေနဲ့အတူ ရုံပြန်တင်မယ့် Avengers: Endgame

အရင်က ကောလာဟလထွက်ခဲ့ပေမဲ့ အခုတော့ Marvel ရဲ့ Avengers: Endgame ကို ပြန်လည်ရုံတင်ပြသဖို့ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ အခုလိုပြန်လည်ရုံတင်ပြသရာမှာ အရင်တစ်ခါရုံတင်ခဲ့တဲ့ ဇာတ်လမ်းမှာ မပါဝင်ခဲ့ဘဲ ဖျက်လိုက်တဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်လာမှာ ဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ ဇာတ်ဝင်ခန်း အသစ်တွေကိုပါ ကြည့်ရှုကြရမယ့်သဘောပါပဲ။


အဲဒီအကြောင်းကို Spider-Man: Far From Home အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်နေချိန်မှာပဲ မာဗယ် စတူဒီယိုရဲ့ ဥက္ကဌဖြစ်သူ Kevin Feige က အတည်ပြုပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒါကို ကြေညာပြီးပြီ လားတော့ မသိပေမဲ့ နောက်ရက်သတ္တပတ်ကုန် ရက်မှာ ပြတော့မှာပါလို့လည်း သူကဆိုပါတယ်။ deleted-scene ပါ ပါဝင်လာမယ့် သုံးနာရီကျော်ကြာ ရုပ်ရှင်ကို ပြန်လည်ပြသရုံတင်မက ဇာတ်လမ်းအဆုံးမှာလည်း ပရိတ်သတ်တွေအတွက် စိတ်လှုပ်ရှားအံ့သြဖွယ်ဖြစ်စေမယ့် အရာအသစ်တွေကို ထည့်သွင်းထားတယ်လို့ Screenrant ကို ပြောကြားချက်တွေအရ သိရပါတယ်။


Kevin Feige က “ရုပ်ရှင်ကို ဆက်စောင့်ကြည့်မယ်ဆိုရင်၊ credit scene ပြီးတဲ့အခါ ဖျက်ထားတဲ့ ဇာတ်ဝင်ခန်းတစ်ခု ရှိပါတယ်။ နည်းနည်းဂုဏ်ပြုထားတာပေါ့၊ နည်းနည်းလည်း အံ့သြစရာကောင်းမှာပါ” လို့ လည်း ထုတ်ပြောထားပါတယ်။ အဲဒီလိုရုံပြန်တင်မယ့် ရက်ဟာ “နောက်ရက်သတ္တပတ်ကုန်ရက်” လို့ ညွှန်းထား တာကြောင့် အဲဒါဟာ Spider-Man: Far From Home မတိုင်ခင် တစ်ပတ်အလိုမှာ ပြသမှာပဲ ဖြစ်ပါတယ်။ Far From Home ဟာ လာမယ့် ဇူလိုင် ၂ ရက်မှာ ရုံတင်ပြသမှာပါ။ အဲဒါကြောင့် ဇာတ်လမ်းနှစ်ခုကြားက စပ်ဆက်မှု တချို့ကို ထပ်မံတွေ့မြင်ရဦးမယ်လို့ မျှော်လင့်ရပါတယ်။


ပြသစဉ်က နိုင်ငံတကာပရိသတ်တွေကို လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေခဲ့တဲ့ Avengers: Endgame ဟာ လက်ရှိမှာ ခေတ်အဆက်ဆက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်တွေထဲမှာ နံပါတ် ၂ နေရာ ရရှိထားပြီး အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၄၃ ဘီလျံကျော် ဝင်ငွေရရှိခဲ့ပါတယ်။ ခေတ်အဆက်ဆက်ဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် နံပါတ် ၁ နေရာကို ရယူထားဆဲဖြစ်တဲ့ Avatar (2009) ဟာ ဒေါ်လာ ၂ ဒသမ ၇၈၇ ဘီလျံကျော် ဖြစ်တာကြောင့် Endgame ထက် ၄၅ မီလျံလောက် ပိုများနေပါသေးတယ်။


အခုလို Endgame ဟာ အရင်ကဖျက်ထားတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ရုံပြန်တင်တော့မှာ ဖြစ်တာကြောင့် တချို့က လည်း Avatar ကို ကျော်ပြီး ခေတ်အဆက်ဆက်ဝင်ငွေအကောင်းဆုံးရုပ်ရှင် ဖြစ်လာလေမလားလို့ မျှော်လင်ချက်တွေ ပြန်လည်နိုးကြားလာကြပါတယ်။ တချို့ ကလည်း ဘယ်လိုမှ ထပ်မကျော်နိုင်ဘူးလို့ ဝေဖန် ခန့်မှန်းနေကြသူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Endgame ရုံပြန်တင်မယ့် သတင်းဟာ မာဗယ်ပရိသတ်တွေအတွက်တော့ ဝမ်းသာစရာပါပဲ။ Avatar ရဲ့ ဝင်ငွေကို ကျော်၊ မကျော်ကတော့ ဆက်လက် စောင့်ကြည့်ကြရမှာပဲ။


by Cherry Mon
Ref; CNN, Cosmic Book News, The Verge


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။