ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ H1N1 နဲ့ သေဆုံးသူ (၅)ဦးအထိရှိလာ

လတ်တလော လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေပြီး ပြည်သူများကြောက်လန့်နေတဲ့ ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် လက်ရှိမှာ လူ(၅)ဦးခန့် သေဆုံးသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနမှ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအရ သိရပါတယ်။ အဆိုပါ သေဆုံးသူ (၅)ဦးမှာ ရန်ကုန်တိုင်းမှ (၄)ဦးနဲ့ စစ်ကိုင်းတိုင်းမှ (၁)ဦးဆိုပြီး သိရပါတယ်။

၎င်းရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားသူတွေဟာ အသက်အရွယ်ကြီးလွန်းတဲ့သူတွေ၊ ငယ်လွန်းတဲ့သူတွေနဲ့ ရောဂါအခံရှိတဲ့သူတွေမှာ အများဆုံး ဖြစ်ပွားတာကို တွေ့ရပြီး ရန်ကုန်တိုင်းမှာ သေဆုံးသွားတဲ့ (၄)ဦးဟာ ရောဂါအခံရှိသူများဖြစ်ကာ စစ်ကိုင်းတိုင်းမှာ သေဆုံးသွားတဲ့ တစ်ယောက်ကတော့ (၆)လသားအရွယ်လေးသာ ရှိသေးတယ်လို့ ကုသရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ဒါ့အပြင် ၎င်းရောဂါပိုးဟာ ပုံမှန်ဖြစ်တဲ့ ရာသီပေါ်တုပ်ကွေးဖြစ်ပြီး ကပ်ရောဂါမဟုတ်တာကြောင့် ထိတ်လန့်မှု မဖြစ်ကြဖို့နဲ့ ရောဂါဖြစ်ပွားလို့ ဆေးရုံမှာ လာရောက်ကုသမှုခံယူတဲ့ ရောဂါသည်တွေအတွက်လည်း ဆေးဝါးက အစ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ ဒီရောဂါပိုးဟာ အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်ပြီး ရောဂါပျိုးရက်ဟာ (၁)ရက်မှ (၃)ရက်ခန့် ကြာတတ်ပါတယ်။ သိသာထင်ရှားတဲ့ ရောဂါ လက္ခဏာတွေကတော့ အဖျားရှိတာ၊ နှာရည်ယိုတာ၊ နှာချေတာ၊ ချောင်းခြောက်ဆိုးတာ၊ လည်ချောင်းတာနာတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်ခဲတာ၊ နုံးခွေတာတွေ ဖြစ်တတ်တာပါ။ ဒါ့အပြင် ရောဂါပြင်းထန်လာရင် အဖျားကြီးလွန်းတာ၊ အသက်ရှုကြပ်တာ၊ အသက်ရှုရ ခက်ခဲတာ၊ ဂနာမငြိမ်ဖြစ်တာ၊ သတိလစ်တာတွေအထိ ဖြစ်ပွားနိုင်ပါတယ်။

ရှေးယခင်က ဝက်တွေမှာရှိခဲ့တဲ့ တုပ်ကွေးပိုးဖြစ်ပြီး ဝက်မှ လူကို ကူးစက်စေခဲ့တာကြောင့် ဝက်တုပ်ကွေး(Swine Flu)လို့ အမည်တွင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ၎င်းရောဂါပိုးက တဖြေးဖြေး ဆင့်ကဲ ပြောင်းလဲလာခဲ့ပြီး ဝက်မှ လူသို့ ကူးစက်ခြင်းမရှိတော့ဘဲ (၂၀၀၉)ခုနှစ်မှစတင်ပြီး လူ - လူချင်းသာ ကူးစက်စေတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် လူတစ်ဦးဦး တုပ်ကွေးရောဂါ ဖြစ်ပွားတယ်လို့ သံသယရှိရင် နီးစပ်ရာကျန်းမာရေးဌာနကို အမြန်ဆုံးဆက်သွယ်ပေးဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အသိပေးထားပါတယ်။

Source; ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။