ထွန်းတောက်လာမယ့် YUFL က ကြယ်လေးတစ်ပွင့် (သို့) ဟန်နီနွေဦး

နုနုနယ်နယ်ပုံစံလေးတွေနဲ့ မိန်ကလေးမျိုးဟာ မိန်းကလေးတစ်ယောက်အတွက် ကြမ်းကြမ်းတမ်းတမ်း ပြေးလွှားလှုပ်ရှားကစားရတဲ့ ဘောလုံးကစားနည်းကို နှစ်ခြိုက်စွာ ကစားကြတာမျိုး အနည်းငယ်ရှားပါတယ်။ ဒါပေမဲ့ ချစ်စရာကောင်းတဲ့ ရုပ်ရည်နဲ့ ပိန်ပိန်သွယ်သွယ် ကောင်မလေးတစ်ယောက်ကတော့ အဲဒီလို ဘောလုံး ကစားနည်းကိုမှ နှစ်သက်ခုံမင်စွာ ကစားလေ့ရှိပြီး ထူးချွန်မှုလည်း ရှိပါတယ်။ သူကတော့ ဟန်နီနွေဦးပါ။


ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) မှာ ဂျာမန်ဘာသာရပ်ကို သင်ယူနေဆဲဖြစ်တဲ့ ဟန်နီနွေဦးဟာ YUFL ရဲ့ မိန်းကလေးဘောလုံး အသင်းကို ဖန်တီးခဲ့သူတစ်ယောက်ပါ။ လက်ရှိမှာ YUFL မိန်းကလေး ဘောလုံးအသင်းခေါင်းဆောင်တာဝန်ကိုလည်း ယူထားပြီး တက္ကသိုလ် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲတွေမှာ လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။


ဟန်နီနွေဦးဟာ ဘောလုံးကစားပွဲတွေမှာ ထူးချွန်ပြီး အားတက်သရော ပါဝင်ကစားလေ့ရှိသလို ပရဟိတအလုပ် တွေမှာလည်း တက်ကြွစွာ ပါဝင်လှုပ်ရှားလေ့ရှိတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပါတယ်။ သူအဓိက ပါဝင် လှုပ်ရှားနေတဲ့ ပရဟိတအသင်း တစ်ခုကတော့ Care Teen ဆိုတဲ့ အသင်းလေးပါ။ အဲဒီအသင်းဟာ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေအတွက် ကျောင်းစာနဲ့ တခြားဗဟုသုတ၊ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေး တို့အတွက် ကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။


အဲဒီလို ဘောလုံးကစားခြင်းနဲ့ ပရဟိတမှာ လှုပ်ရှားဆောင်ရွက်နေတဲ့ ဟန်နီနွေဦးဟာ အခုနောက်ပိုင်းမှာ facebook လို ဆိုရှယ်မီဒီယာတွေမှာ လူသိများနေသူ ဖြစ်ပြီး follower များစွာကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။ သူမဟာ သူမရဲ့ facebook စာမျက်နှာမှာ သူမရဲ့ အနုပညာ၊ အားကစားနဲ့ ပရဟိတလှုပ်ရှားမှုတွေတင်မက ချစ်စရာအလှဓာတ်ပုံလေးတွေကို တင်လေ့ရှိပါတယ်။


မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မေလက ကျင်းပပြုလုပ်ခဲ့တဲ့ Myanmar Influencer Awards 2018 ပွဲကြီးကိုလည်း ဖိတ်ကြားခြင်းခံခဲ့ရ ပါတယ်။သူမကို MTV တွေ၊ ရုပ်သံအစီစဉ်တွေ၊ ပရိုဂရမ်တွေ၊ စီးပွားရေးကြော်ငြာတွေနဲ့ တခြား အနုပညာရေးရာလှုပ်ရှားမှုတွေမှာလည်း တစ်ဆထက်တစ်ဆ ပိုမိုတွေ့မြင်လာရပါပြီ။


ချစ်စရာကောင်းတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး အားကစားနဲ့ ပရဟိတကိုတင်မက အနုပညာရေးရာဆိုင်ရာ အလုပ်တွေမှာ မြင်တွေ့လာရတဲ့ ဟန်နီနွေဦးမှာ တစ်ချိန်မှာ မြန်မာနိုင်ငံရဲ့ အားကစား ဒါမှမဟုတ် အနုပညာမှာ အခုထက်ပိုမို ထွန်းတောက်လာမယ့် ကြယ်ပွင့်လေးတစ်ပွင့် ဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်။

Ref; Honey Nway Oo and YUFL Girl Football Team facebook


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။