သဘာဝကို အပြည့်အဝအခြေခံမယ့် အနာဂတ်ဟော်တယ်ပုံစံသစ်ကို Hilton ထုတ်ဖော်ပြသ

အနာဂတ်မှာ တည်ဆောက်မယ့် ဟော်တယ်ပုံစံသစ်တစ်ခုကို Hilton Hotel လုပ်ငန်းစုက ချပြလိုက်တယ်။ အနာဂတ်ရဲ့ ပုံစံသစ်ဆိုလို့ ထူးဆန်းတဲ့ဒီဇိုင်းနဲ့ မိုးမျှော်တိုက်ကြီးတွေ၊ လေထဲမှာ လွင့်နေတဲ့အဆောက်အဦးကြီးတွေတော့မဟုတ်ဘူး။ သူချပြလိုက်တဲ့ဟော်တယ်က သဘာဝအပေါ်အပြည့်အဝအခြေခံထားပြီး သဘာဝနဲ့တစ်သားတည်းဖြစ်နေတဲ့ ဒီဇိုင်းပါ။

ဟော်တယ်တစ်ခုလုံးကို မှန်ချပ်တွေ၊ သစ်သားဖရိန်တွေနဲ့တည်ဆောက်ထားမှာဖြစ်ပြီး မှန်ချပ်တွေအပေါ်မှာတော့ စိမ်းစိုနေတဲ့အပင်ငယ်တွေ၊ နွယ်ပင်နဲ့ရေညှိတွေဖုံးအုပ်နေမှာဖြစ်တယ်။ ဒီပုံစံသစ်ဟာ Hilton ဟော်တယ်လုပ်ငန်းစု ရဲ့ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး အနာဂတ်ကို မျှော်ကြည့်ခြင်း ( Future Gazing Report ) လို့ နာမည်ပေးထားတယ်။

ဟော်တယ်ရဲ့ အခန်းအပူချိန်၊ အလင်းအမှောင်၊ ရေပူရေအေး၊ ဖျော်ဖြေရေး စတဲ့စနစ်တွေဟာ wireless စနစ်ကို အခြေခံထားမှာဖြစ်ပြီး ရီမု့တ်ကွန်ထရိုလာ လိုကြားခံပစ္စည်းတွေ အသုံးပြုစရာမလိုဘူးလို့ဆိုတယ်။ အဲ့ဒီအတွက် မိုက်ခရိုချစ်ပ် တွေကို ကျွန်တော်တို့ခန္ဓာကိုယ်ထဲ မြှုပ်ပေးထားမှာဖြစ်ပြီး အဲ့ဒီ Microchip တွေကို AI Brain တစ်ခုလိုအသုံးပြုခိုင်းစေနိုင်မယ်လို့သိရတယ်။ တော်တော်ဆန်းတဲ့အိုင်ဒီယာပါ။

အနာဂတ် ဟော်တယ်ရဲ့ Menu တွေက 100% & Pure Organic ဖြစ်ပြီး အစိမ်းရောင်အသီးအရွက်တွေအပေါ် အခြေခံမှာပါ။ အဲ့ဒါကြောင့် မနက်ခင်းအိပ်ယာကနိုးတဲ့အခါ စားနေကျ ဝက်ပေါင်ခြောက်၊ ကြက်ဥ၊ ဝက်အူချောင်း တွေနေရာမှာ ပန်းဂေါ်ဖီစိမ်း၊ နူးအောင်ပြုတ်ထားတဲ့ ပြောင်းဖူး၊ အာလူးပြုတ်အိအိလေးတွေ နဲ့ စကော့တစ်ရှ်ဒိန်ခဲတွေကိုပဲ မြင်ရမှာပါ။ နောက်ပြီး အော်ဂဲနစ်မျှောလှေးပိုင်းမုန့် နဲ့ ရေညှိကိတ် လို menu ဆန်းဆန်းလေးတွေကို လည်းမြင်ရဖွယ်ရှိတယ်။

ဒီအစီအစဉ်ကို လာမယ့် ၂၁၁၉ ခုနှစ်မှာ အကောင်အထည်ဖော်မှာဖြစ်ပြီး လက်ရှိမှာတော့ Hilton က သူတို့ရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်မယ့် မျိုးဆက်သစ်တွေကိုရှာဖွေနေပါတယ်။

" ကမ္ဘာကြီးကို စွန့်ပစ်ပစ္စည်းနဲ့အမှိုက်သရိုက်တွေဆီကနေ ဝေးသထက်ဝေးအောင် ကျွန်မတို့ဆွဲခေါ်နေပါတယ်။ ကမ္ဘာမြေဟာ မူလအနေအထားကို ပြန်ရောက်သွားပြီး အရာအားလုံးဟာ အသစ်အနေအထားကပြန်လည်စတင်မယ့်အချိန်အထိပေါ့ " လို့ Hilton အုပ်စုရဲ့ Senior Director ဖြစ်သူ ဒယ်နီယယ်လာ ဖော်စတာ က ပြောပါတယ်။

Gabriel
Source - metro.co.uk

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။