Spider-Man: Far From Home မှာ Credit scene တွေ ပြန်ပါမယ့်အကြောင်း အတည်ပြု

မာဗယ်နဲ့ Spider-Man ဇာတ်လမ်းရဲ့ ပရိသတ်တွေအနေနဲ့ Spider-Man ဇာတ်လမ်းသစ် Far From Home ကို ကြည့်ရဖို့ နှစ်ပတ်လောက်ပဲ လိုပါတော့တယ်။ အဲဒီဇာတ်လမ်းသစ်မှာ အရင်မာဗယ်ဇာတ်လမ်းတွေရဲ့ ထုံးစံ အတိုင်း ဇာတ်လမ်းအပြီးမှာ Credit Scene နှစ်ခုအထိ ပြန်လည်ပါဝင်လာမယ်လို့ အတည်ပြုလိုက်ပါပြီ။


အရင်က မာဗယ်ဇာတ်လမ်းတွေရဲ့ အဆုံးသတ်မှာ အနည်းဆုံး Credit Scene နှစ်ခုလောက် ပါလေ့ရှိပါတယ်။ အဲဒီ Credit Scene တွေဟာ နောင်လာမယ့်ဇာတ်လမ်းတွေနဲ့ တစ်နည်းတစ်ဖုံ စပ်ဆက်မှုရှိနေတာကြောင့် ပရိသတ်တွေအနေနဲ့ အခုတ်တရ စောင်ကြည့်ကြရတဲ့ ဇာတ်ဝင်ခန်းတွေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ MCU အတွက် Timeline တစ်ခုရဲ့ အဆုံးသတ်အဖြစ် နာမည်ကြီးခဲ့တဲ့ Avengers: Endgame မှာတော့ Credit Scene တစ်ခုမှ ပါမလာခဲ့တာကြောင့် ပရိသတ်တွေ အံ့သြတကြီး ဖြစ်ခဲ့ကြရပါတယ်။


မကြာခင်ပြသတော့မယ့် Spider-Man: Far From Home မှာတော့ မာဗယ်ရဲ့ထုံးစံအတိုင်း Credit Scene တွေ ပါဝင်မယ့်အပြင် အဲဒီဇာတ်ဝင်ခန်းတွေဟာလည်း ပရိသတ်တွေ အံ့သြတကြီးဖြစ်စေမယ့် အရာတွေလို့လည်း သိရပါတယ်။ သေချာတာကတော့ Far From Home ပြီးတဲ့အခါကျရင်တော့ MCU ရဲ့ ရှေ့အနာဂတ်ကို အနည်း နဲ့ အများ ခန့်မှန်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီ Credit Scene တွေဟာလည်း MCU ရဲ့ ရှေ့အနာဂတ်နဲ့ စပ်ဆက်ကောင်း စပ်ဆက်နိုင်သလို၊ Endgame ထဲက တချို့ကိစ္စတွေကို ပြန်ဖြေချတာမျိုးလည်း ဖြစ်နိုင်ပါတယ်။


Far From Home မှာ စပိုက်ဒါမန်း တဖြစ်လဲ ပီတာပါကာဟာ အတန်းဖော်တွေနဲ့အတူ နွေရာသီ နိုင်ငံခြားခရီး ထွက်လာပါတယ်။ အဲဒီအချိန်မှာ ရှီးလ်က နစ်ခ်ဖြူရီရောက်လာခဲ့ပြီး ဗီလိန်လူဆိုးတွေကို Mysterio နဲ့အတူ ပူးပေါင်းတိုက်ခိုက်ဖို့ ဖြစ်လာပါတယ်။ အဲဒီအပြင် Far From Home မှာ အရင်က Endgame နဲ့ စပ်ဆက်မှုတွေ ပါဝင်လာမယ်လို့ သတင်းတွေထွက်နေသလို MCU ရဲ့ အနာဂတ်ကို ခန့်မှန်းနိုင်စရာ တစ်စုံတစ်ရာများ ပါလေမလားလို့လည်း မျှော်လင့်နေကြပါတယ်။


Spider-Man: Far From Home မှာ Spider-Man (ပီတာပါကာ) အဖြစ် ဟောလိဝုဒ်မင်းသားလေး Tom Holland ကို ဆက်လက်တွေ့မြင်ရ မှာ ဖြစ်ပြီး Sameul L. Jackson, Zendaya, Cobie Smulders နဲ့ Jake Gyllenhaal တို့အပါအဝင် သရုပ်ဆောင်များစွာ ပါဝင်ပါတယ်။ Spider-Man ဇာတ်လမ်းသစ်ကို လာမယ့် ဇွန် ၂၆ ရက်မှာ ဟောလိဝုဒ်မှာ ဖွင့်ပွဲပြသမှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုမှာတော့ ဇူလိုင် ၂ ရက်နေ့ကစလို့ ရုံတင်ပြသသွားမှာပါ။


by Cherry Mon
Ref; Comic Book, We Got This Covered, Wikipedia

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။