ငါးကြေးခွံနဲ့ အနီရောင်ရေညှိကနေ ဇီဝပလတ်စတစ်ကို ဖန်တီးလိုက်တဲ့ ကျောင်းသူလေး

ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေက ကမ္ဘာကြီးကို ညစ်ညမ်းပျက်စီးစေတဲ့ အဓိကပြဿနာရပ်တွေထဲမှာ တစ်ခု အပါအဝင် ဖြစ်တာကြောင့် ပလတ်စတစ်အသုံးပြုမှု လျှော့ချဖို့အတွက် ကြိုးပမ်းအားထုတ်လာကြပါတယ်။ ယူကေမှာရှိတဲ့ Sussex တက္ကသိုလ်က တီထွင်ဆန်းသစ်မှုရှိတဲ့ ကျောင်းသူတစ်ယောက်ကတော့ အဲဒီလိုပြဿနာတွေကို အနည်းနဲ့အများ ပြေလည်စေမယ့် အရာတစ်ခုကို ရှာဖွေဖန်တီးခဲ့ပါတယ်။ အဲဒါကတော့ ငါးကြေးခွံ၊ ငါးအရေခွံတို့ကနေ ဇီဝပလတ်စတစ်တစ်မျိုး ဖန်တီးလိုက်တာပါပဲ။


United Kingdom မှာရှိတဲ့ Sussex တက္ကသိုလ်မှာ ပညာသင်ကြားနေဆဲဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် Lucy Hughes ဟာ သက်ရှိတွေကနေ ဖျက်ဆီးပစ်နိုင်တဲ့ ရာနှုန်းပြည့် Biodegradable Plastic လို့ခေါ်တဲ့ ဇီ၀ ပလတ်စတစ်တစ်မျိုးကို ပင်လယ်ထွက်ပစ္စည်းနဲ့ သတ္တဝါတွေကနေ တဆင့် ဖန်တီးပြုလုပ်ခဲ့ပါတယ်။ ငါးကြေးခွံ၊ ငါးအရေပြားနဲ့ အနီရောင် ပင်လယ်ရေညှိတို့ကနေ တဆင့် ပူးပေါင်းဖန်တီးလိုက်တဲ့ Marinatex ခေါ် ဇီဝပလတ်စတစ် (Bioplastic) တစ်မျိုးဟာ အခုလတ်တလောအသုံးများနေတဲ့ သမားရိုးကျပလတ်စတစ်အိတ် တွေနေရာမှာ အစားထိုးအသုံးပြုနိုင်ဖို့ အလားအလာကောင်းပါတယ်။


သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်စေဖို့ Marinatex တွေကို sandwich ဗူးခွံတွေလို အစားအစာ ထည့်စရာ အဖြစ် အသုံးပြုနိုင်တဲ့ ပလတ်စတစ်ပြားတွေအဖြစ် ပြောင်းလဲဖန်တီးလိုက်တာပါ။ ပုံမှန်ပလတ်စတစ်တွေနဲ့ မတူဘဲ ဇီဝပလတ်စတစ်တွေဟာ တစ်လအတွင်း ပျက်စီးသွားနိုင်ပါတယ်။ အဲဒါကြောင့် နှစ်ပေါင်းများစွာ ကြာအောင် မပျက်စီးဘဲ ကျန်နေနိုင်တဲ့ ပလတ်စတစ်တွေလို သဘာဝပတ်ဝန်းကျင်ကို အနှောင့်အယှက် မဖြစ်စေပါဘူး။


လူစီဟာ နယူးဟဲဗန်းအခြေစိုက် ငါးကုမ္ပဏီတစ်ခုဖြစ်တဲ့ MCB Seafoods Ltd ကို သွားရောက်လည်ပတ်စဉ်မှာ အဲဒီလို ဆန်းသစ်တဲ့ အကြံဉာဏ်ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ငါးလုပ်ငန်းတွေကနေ လတ်ဆတ်တဲ့ အော်ဂဲနစ် စွန့်ပစ်အရာတွေကနေ အဲဒီလိုပြုလုပ်ဖို့ အတွေး ရခဲ့တာပါ။ လူစီရဲ့အဆိုအရ အနီရောင်ရေညှိလို biopolymer တွေနဲ့ ပေါင်းစပ်မယ်ဆိုရင် အော်ဂဲနစ်စွန့်ပစ်ပစ္စည်းတွေဟာ ယုံကြည် စိတ်ချရပြီး တာရှည်ခံနိုင်တဲ့ ပစ္စည်းတွေ ဖြစ်လာနိုင်တာကို သူမသိရှိခဲ့တယ်လို့ ဆိုပါတယ်။


Marinatex ဟာ အချိန်အတိုင်းအတာတစ်ခုမှာ ပျက်စီးနိုင်တဲ့ အရာဖြစ်ပေမဲ့ ထုတ်လုပ်ဖို့အတွက် စရိတ်စက သက်သာပြီး recycle ပြန်လုပ်ရ တဲ့ စွန့်ပစ်စနစ်မျိုးလည်း မလိုအပ်ပါဘူး။ အတ္တလန်တစ်ဆော်လမွန်ငါး တစ်ကောင်ကနေရတဲ့ အော်ဂဲနစ်စွန့်ပစ်အရာတွေ ကနေ Marinatex အိတ်ပေါင်း ၁၄၀၀ အထိ ထုတ်လုပ်နိုင်ပါ တယ်။ အဲဒီလို ဇီဝပလတ်စတစ်ဟာ ပျက်စီးနိုင်တာကြောင့် ရိုးရိုးပလတ်စတစ်တွေလို မြေဆီလွှာကိုလည်း အဆိပ်မသင့်စေပါဘူး။


အဲဒီလိုအသစ်ဖန်တီးထုတ်လုပ်လိုက်တဲ့ ဇီဝပလတ်စတစ်ဟာ လူစီအတွက် ဘွဲ့ကြိုစီမံကိန်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပေမဲ့ Marinatex ဟာ အလားအလာကောင်းပြီး လာမယ့် ၂၀၂၀ ပြည့်နှစ်၊ နှစ်ဝက်လောက်ကစလို့ ဈေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ထုတ်လုပ် နိုင်ဖို့ကိုလည်း လူစီက မျှော်လင့်ထားပါတယ်။


by Cherry Mon
Ref; Good Times

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။