မချောပေမယ့် ဒီအချက်တွေ ပြည့်စုံတယ်ဆိုရင် သင့်ကို ကောင်လေးတွေ သဘောကျပါလိမ့်မယ်

တော်တော်များများက အချစ်ကို ရုပ်ပိုင်းဆိုင်ရာနဲ့အစပြုတယ်ဆိုပေမယ့် ရေရှည်မှာတော့ ရုပ်ကြီးပဲ ချောနေလို့လည်း အချစ်ရေးက အဆင်မပြေကြတော့ပါဘူး။ ရုပ်ပိုင်းဆိုင်ရာဟာ ချစ်သူဖြစ်ဖြစ်ချင်းမှာတော့ ဟုတ်သလိုလို ရှိပေမယ့် အချိန်ကြာလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာနဲ့ အရည်အချင်းတွေက ပိုပြီး အဓိက ကျလာပါတယ်။ ဒါကြောင့် ကောင်လေးတွေ ပြောစမှတ်ပြုလောက်အောင် မလှဘူးဆိုရင်လည်း အားမငယ်ပါနဲ့။ မိန်းကလေးတစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာထက် ကောင်လေးတွေ ပိုတန်ဖိုးထားတဲ့ အရာတွေ ရှိပါတယ်။

၁) စွန့်စားခန်းဖွင့်လိုသူ

ဘဝကို ပြည့်ပြည့်ဝဝ ဖြတ်သန်းတတ်သူတွေကို ကောင်လေးတွေက သဘောကျပါတယ်။ အပြည့်အဝ ဖြတ်သန်းတယ်ဆိုတဲ့နေရာမှာ အသစ်အသစ်တွေကို လေ့လာချင်စိတ်ရှိတာ၊ အခက်အခဲတွေကို ရင်ဆိုင်နိုင်စွမ်းရှိတာကို ဆိုလိုတာပါ။ ဒါ့အပြင် တောင်တက်တာ၊ လေထီးခုန်တာ၊ ခရီးတွေလျှောက်သွားတာ စတဲ့ စွန့်စားခန်းတွေကို တက်ကြွစွာပါဝင်တတ်တဲ့ မိန်းကလေးမျိုးကို ဆိုဖာပေါ်မှာ အလှပဲထိုင်ပြင်နေတတ်တဲ့ မိန်းကလေးထက် ပိုသဘောကျကြပါတယ်။ 

၂) ညှိနှိုင်းလုပ်ဆောင်တတ်သူ

အတွဲတွေကြားမှာ သဘောထား ကွဲလွဲမှုလေးတွေတော့ အနည်းနဲ့အများရှိတတ်ကြတာပဲ။ ဒါပေမဲ့ ပြဿနာတစ်ခု ဖြစ်လာတဲ့အခါ ခေါင်းမာပြီး ကိုယ်ထင်ရာ စွတ်ပြောနေတဲ့သူကို အမျိုးသားတွေက လုံးဝမကြိုက်ပါဘူး။ ညှိနှိုင်းတတ်တဲ့သူ၊ နှစ်ယောက်လုံးအတွက် အဆင်ပြေမယ့် ဖြေရှင်းနည်းကို ရှာတတ်တဲ့သူကိုပဲ အမျိုးသားတွေက သက်ဆုံးတိုင် လက်တွဲချင်ကြတာပါ။

၃) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသူ

ကိုယ့်တန်ဖိုးကိုယ်သိတဲ့ မိန်းကလေးလောက် စွဲဆောင်မှု ရှိတဲ့သူ မရှိတော့ပါဘူး။ မျက်နှာလှလှ၊ ခန္ဓာကိုယ် အမိုက်စား ကောင်မလေးတွေကို အမျိုးသားတွေ သဘောကျပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီမိန်းကလေးဟာ ကိုယ့်ကိုယ်ကိုယ် လက်မခံနိုင်ဘူး၊ ကျေနပ်တင်းတိမ်မှု မရှိနိုင်ဘူးဆိုရင်တော့ အမျိုးသားတွေက စိတ်ပျက်သွားပါလိမ့်မယ်။ 

၄) အပြည့်အဝ ယုံကြည်သူ

ချစ်သူနှစ်ယောက်တွဲနေကြတယ်ဆိုပေမယ့် ၂၄ နာရီလုံးတော့ ချစ်သူကို ဘယ်သူမှ အချိန်မပေးနိုင်ကြပါဘူး။ တစ်ချိန်လုံး ဖုန်းတွေ တဂွမ်ဂွမ်ဆက်နေမယ်၊ ဟိုလူနဲ့စွတ်စွဲ ဒီလိုနဲ့စွတ်စွဲလုပ်နေမယ်၊ နေရာတကာ တားမြစ်ပိတ်ပင်နေမယ်ဆိုရင် ကြာလာတော့ ယောက်ျားလေးတွေဟာ စိတ်ပျက်သွားပါတယ်။ သဝန်တိုခြင်းနဲ့၊ သံသယလွန်ကဲခြင်းရဲ့ ရလဒ်က ကောင်းနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ယောက်ျားတွေဟာ သူတို့ကို အပြည့်အဝ ယုံကြည်ပေးတဲ့ ကောင်မလေးကိုပဲ တွဲကြပါတယ်။

၅) ဟာသဉာဏ်ရှိသူ

သေလောက်အောင်ချောနိုင်ပါစေ ချစ်သူကို ရယ်မောပြုံးရွှင်အောင် မလုပ်နိုင်ဘူးဆိုရင် ကောင်လေးတစ်ယောက်ရဲ့ အသည်းနှလုံးကို မရနိုင်ပါဘူး။ ဟာသဉာဏ်ရှိခြင်းက စိတ်ဖိစီးမှုတွေကို လျော့ပါးစေသလို၊ ချစ်သူနှစ်ဦးကိုလည်း ပိုပြီး ခိုင်မြဲစေပါတယ်။ ရယ်စရာလေး တစ်ခွန်းနှစ်ခွန်းက ကောင်လေးတစ်ယောက်ရဲ့ နှလုံးသားကို အရည်ပျော်သွားစေနိုင်ပါတယ်။

၆) အားနည်းချက်တွေကို လက်ခံပေးသူ

အဆင်ပြေတဲ့ အချစ်ရေးတစ်ခုရဲ့ အဓိကသော့ချက်က ကိုယ့်ချစ်သူရဲ့ အားနည်းချက်ကို လက်ခံနားလည်ပေးခြင်းပါပဲ။ ဒါကြောင့် အမျိုးသားတွေဟာ ဝေဖန်ရေးတွေ သိပ်မလုပ်တတ်သူ၊ သူတို့ကို ပြောင်းလဲဖို့မကြိုးစားသူတွေကို ချစ်ခင်သဘောကျကြပါတယ်။ 

၇) အကဲမပိုတတ်သူ

ဘဝဆိုတာ ရိုလာကိုစတာလို နိမ့်လိုက်မြင့်လိုက် ဖြစ်နေတာပါ။ တစ်ခါတလေ ပျော်ရပေမယ့် စိတ်ညစ်ရတဲ့နေ့တွေလည်း ရှိမှာပဲ။ ဒါကို ရေးကြီးခွင်ကျယ်လုပ်ပြီး ပေါက်ကွဲနေတတ်တဲ့သူတွေကို အမျိုးသားတွေက ကြိုက်ဖို့မပြောနဲ့ ကြည့်လို့ကို မရတာပါ။

၈) နွေးထွေးကြင်နာတတ်သူ

နွေးထွေးကြင်နာတတ်ခြင်းဆိုတာ ရုပ်ရည်လှပခြင်းနဲ့ အစားထိုးလို့မရပါဘူး။ ချစ်သူချင်းသာမက သူငယ်ချင်းနဲ့ မိသားစုအပေါ် ကြင်နာတတ်တဲ့ မိန်းကလေးကို ကောင်လေးတွေက အရမ်း မြတ်နိုးကြပါတယ်။

၉) တီထွင်ဖန်တီးနိုင်စွမ်းရှိသူ

အတွေးအခေါ်ကျယ်ပြန့်ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ အတွဲဟာ သာမန်အတွဲထက် ပိုပြီး တိုးတက်ပါတယ်။ စိတ်ဝင်စားတဲ့အရာတွေကို တစိုက်မတ်မတ်လုပ်ပြီး တီထွင်ဆန်းသစ်နိုင်တဲ့သူ ဖြစ်ရပါမယ်။ ဥပမာ- ချစ်သူကောင်လေးအတွက် ဇာတ်လမ်းတစ်ပုဒ်လောက်ရေးပေးတာမျိုး၊ ပုံတူပန်းချီဆွဲပြီး surprise လုပ်တာမျိုးတွေဆိုရင် ကောင်လေးတွေက မကြွေဘဲ မနေနိုင်ပါဘူး။ 

၁၀) ဆုံးဖြတ်ချက်ကောင်းစွာချနိုင်သူ

အရာရာတိုင်းကို တွေဝေနေတတ်သူထက် စိတ်ပျက်စရာကောင်းတာ မရှိတော့ပါဘူး။ ဘယ်ဆိုင်မှာ ဘာစားမယ်ဆိုတာလေးကိုတောင် မစဉ်းစားတတ်တဲ့ကောင်မလေးမျိုးကို ကောင်လေးတွေက သဘောမကျပါဘူး။ ကိုယ်ဘာလိုချင်တယ်၊ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာကို သေချာသိတဲ့သူတွေကိုပဲ ကောင်လေးတွေက စိတ်ဝင်စားကြတာပါ။

ဒါကတော့ ရုပ်ရည်မရှိလည်း ကောင်လေးတွေ သဘောကျတဲ့အချက်တွေပါ။ ဒီလိုပြောလို့ သူတို့ကြိုက်တဲ့အတိုင်း နေရမယ်လို့မဆိုလိုပါဘူး။ ဒီ (၁၀) ချက်ထဲက တစ်ချက်ချက်တော့ လူတိုင်းမှာ ရှိနေမှာပဲလေ။ အဓိက က ကိုယ့်အရှိတိုင်း ကိုယ်နေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေရင် ပြီးတာပါပဲ။ ဒီအချက်လေးတွေ အားလုံးလုပ်နိုင်ရင်လည်း ချစ်သူနှစ်ဦးကြား ပိုအဆင်ပြေတာပေါ့။

Ref; herbeauty.co

By Paulina