လူတချို့ရဲ့ လှောင်ပြောင်မှုကြောင့် ထိခိုက်နာကျင်ရတဲ့ လူတစ်ယောက်ရဲ့ အရှက်သိက္ခာ (ရုပ်သံ)

လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာတဲ့ Food Box Plan နဲ့ ပတ်သက်ပြီး ပြည်သူများအကြား ကောင်းကျိုးနဲ့ ဆိုးကျိုး (၂)ခုလုံး ဒွန်တွဲနေပြီး ဝေဖန်မှုတွေအပြင် တိုက်ခိုက်မှုတွေလည်း ရှိလာပါတယ်။ လူတချို့ရဲ့ အပျော်သဘောလှောင်ပြောင် စနောက်မှုက တခြားလူတစ်ယောက်ရဲ့ အရှက်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို ထိခိုက်နိုင်တယ်ဆိုတာ ကြိုတင်တွေးထားသင့်ပါတယ်။ ကိုယ်ကတော့ အပျော်သဘောနောက်ပြောင် ကျယ်စယ်လိုက်ပေမယ့် တဖက်လူတစ်ယောက်ရဲ့ စိတ်အခြေအနေမှာ ရှုပ်ထွေးစေပြီး အရှက်တရားနဲ့ လူတွေရဲ့ မျက်လုံးတွေက သူ့အတွက် အကြောက်တရားဖြစ်လာစေပါတယ်။ ဒါ့အပြင် နေထိုင်ရာ ပတ်ဝန်းကျင်၊ မိတ်ဆွေသင်္ဂဟနဲ့ ဆွေမျိုးသားချင်းများရဲ့ ပြင်းထန်စွာ တိုက်ခိုက်ဆဲဆိုမှုကိုလည်း ခံရတတ်ပါတယ်။

အခုလည်း လူမှုကွန်ယက်ပေါ်မှာ တရားလွန်နောက်ပြောင်ခြင်းကို ခံနေရတဲ့ ရန်ကုန်မြို့၊ တာမွေမှာ နေထိုင်တဲ့ အဒေါ်ကြီးဟာ တကယ့်ကို ရိုးသား သူတစ်ယောက်ဖြစ်ပြီး သူ့အနေနဲ့ တကယ်ကို မသိလို့ လုပ်မိတဲ့တာ ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ သူမဟာ တကယ်တော့ Food Box အတွင်းမှ မုန့်အနည်းငယ်ကို တစ်ခုစီသာ ယူဆောင်ခဲ့တာဖြစ်ပြီး ကားလမ်းကူးရမှာမို့ သားနှစ်ယောက် လက်ထဲက မုန့်တွေကို သူမ ကူညီယူဆောင်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ 

အစပိုင်းကတော့ သိတယ်။ သူတို့ လှူလိုက်တဲ့ မုန့်ကို ငါစားလိုက်လို့ သူတို့ ပျော်နေမှာပဲလို့ စိတ်ကူးမိတယ်။ လိုင်းပေါ်မှာ တွေ့တုန်းကလည်း သူတို့ ပျော်နေတာဖြစ်မှာပါလို့ တွေးမိလိုက်သေးတယ်။ တကယ့် တကယ်တမ်းကျတော့ မကြီး အရှက်ကွဲတာပေါ့ ” လို့ ဝမ်းနည်းစွာ ပြောပြပါတယ်။  

ကိုယ်ချင်းစာနာစိတ်မရှိတဲ့ လူတချို့ရဲ့ ဓာတ်ပုံတွေကြောင့် လူမှုကွန်ယက်ပေါ်မှာ သူမပုံတွေ ချက်ချင်း ပျံ့နှံ့ခဲ့ပြီး လက်ရှိမှာ သူမ အရမ်းကို ဝမ်းနည်းပြီး အရှက်ရနေပါတယ်။ သူမကို Troll လိုက်ခြင်းက အပျော်သဘော မဟုတ်ဘဲ ထိခိုက်နစ်နာရခြင်းဖြစ်တဲ့အတွက် သူမ ကိုယ်တိုင်ရော သူမရဲ့ သားနှစ်ယောက်ပါ လူကြားထဲ မျက်နှာမဖော်နိုင်အောင် ဖြစ်နေကြပါတယ်။ ကိုယ့်လုပ်ရပ်ကြောင့် လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားတွေ၊ သီလသမာဓိတွေ တိုးတက်ပွင့်လန်းလာတယ်ဆိုရင် ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းဖြစ်ပေမယ့် ကိုယ့်ကြောင့် လူတစ်ယောက် ကြောက်ရွံ့အရှက်ရနေမယ်ဆိုရင်တော့ သင်ဟာ လူ့အသိုင်းအဝိုင်း၊ လူ့လောကနဲ့ မထိုက်တန်တဲ့ လူတစ်ယောက်ပါဘဲ။

Writer – Mozex

Crd Video;

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။