ရီဟားနားနဲ့ သူ့ချစ်သူ ဆော်ဒီဘီလျံနာသူဌေးတို့ရဲ့ ၂ နှစ်ကျော် အချစ်ခရီးလမ်း

နာမည်ကျော်အဆိုတော် မီလျံနာတစ်ယောက်ဖြစ်တဲ့ ရီဟားနားဟာ သူမရဲ့ လူသိများခဲ့တဲ့ သီချင်းတွေကြောင့် တင်မကဘဲ သူမရဲ့ ဖက်ရှင်နဲ့ အလှကုန်လုပ်ငန်း၊ ရုပ်ရှင်တချို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့်လည်း လူသိများကျော်ကြားသူတစ်ယောက် ဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာ ရီဟားနားကို သူ့အချစ်ရေးအကြောင်း မေးမြန်းခဲ့ရာမှာတော့ သူမက ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့ပါတယ်။


လက်ရှိမှာ ရီဟားနားရဲ့ချစ်သူကတော့ ဆော်ဒီအာရေးဗျက ဘီလျံနာစီးပွားရေးတစ်ယောက်ဖြစ်တဲ့ Hassan Jameel ဖြစ်ပါတယ်။ ဟက်စ်ဆန်ဟာ ဆော်ဒီကကားလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်တဲ့ မိုဟာမက် အက်ဗ်ဒူ လတစ်ဖ်ဂျမ်မဲလ်ရဲ့ သားဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ လက်ရှိမှာ သူဟာ Abdul Latif Jameel ကုမ္ပဏီရဲ့ လက်ထောက်ဥက္ကဌလည်း ဖြစ်ပါတယ်။ ဟက်စ်ဆန်ဟာ ၂၀၁၂ ခုနှစ် က အိမ်ထောင်ပြုခဲ့ဖူးပြီး ၂၀၁၇ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။


ရီဟာနားနဲ့ သူမရဲ့ချစ်သူ ဘီလျံနာတို့ တွဲခုတ်တဲ့သတင်းဟာ ၂၀၁၇ ခုနှစ်၊ ဇွန်လောက်ကတည်းက ထွက်ရှိခဲ့ တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့အဆိုအရတော့ အဲဒီထက် ခြောက်လလောက် ပိုစောတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီအရင်က အနေအထိုင် သိုသိပ်ခဲ့တဲ့ သူတို့နှစ်ယောက်ဟာ ၂၀၁၇ ခုနှစ်၊ နှစ်ဝက်လောက် ရောက်မှ လန်ဒန်၊ ဘော်စတွန်နဲ့ ပါရီမြို့တော်တို့မှာ အတူတွဲတွေ့ခဲ့ရတာပါ။ ၂၀၁၈ ခုနှစ်မှာတော့ နယူးယော့ခ် မြို့တော်မှာကျင်းပတဲ့ ဂရမ်ဆုပေးပွဲဂုဏ်ပြုအခမ်းအနားကို နှစ်ယောက်တွဲ တက်ရောက်လာခဲ့ပါတယ်။


ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဇွန်လက နှစ်ယောက်သား လမ်းခွဲကြပြီဆိုတဲ့ ကောလာဟလတွေထွက်လာခဲ့ပေမဲ့ ရက်သတ္တပတ်အနည်းငယ် အကြာမှာပဲ သူတို့နှစ်ယောက်ကို မက္ကဆီကိုမှာ အတူတွဲတွေခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းကစလို့ သူတို့နှစ်ယောက်ကို ဟိုနိုင်ငံ ဒီနိုင်ငံတွေကို နှစ်ယောက်အတူ အလည်အပတ်ထွက်တာ တွေ အမြဲလိုလို တွေ့မြင်ခဲ့ပါတယ်။


သူ့ချစ်သူအကြောင်း ဖွင့်ထုတ်ပြောဆိုခဲ့တဲ့ အင်တာဗျူးမှာတော့ ရီဟားနားကို “ချစ်မိနေပြီလား?” လို့ မေးတဲ့ အခါ သူမက “ဒါပေါ့၊ ချစ်မိနေပါပြီ” လို့ ပြန်ဖြေခဲ့ပြီး “လက်ထပ်တော့မှာလားလို့” မေးချိန်မှာတော့ သူမဟာ ခဏတာတွေဝေသွားခဲ့ပါတယ်။ ခဏတိတ်သွားပြီးနောက်မှာတော့ “ဘုရားပဲ သိမှာပဲ” လို့ ပြန်ဖြေခဲ့ပါတယ်။ “မိခင်တစ်ယောက် ဖြစ်ချင်လား” ဆိုတဲ့ မေးခွန်းကိုတော့ ရီဟားနားက “ဘဝမှာ ဘယ်အရာထက်မဆို ဖြစ်ချင် ပါတယ်” လို့ ပြန်ဖြေပေးခဲ့ပါတယ်။ ရည်းစားတွေရှိခဲ့ပေမဲ့ အိမ်ထောင်မပြုသေးဘဲ တစ်ကိုယ်တော်ဘဝနဲ့ နေထိုင်နေတဲ့ ရီဟားနားဟာ အခုအချိန်မှာတော့ မိခင်တစ်ယောက်ဖြစ်လာဖို့ ဆန္ဒရှိနေပါပြီ။


၂၀၀၈ ခုနှစ်က နာမည်ကျော်အဆိုတော် Chris Brown နဲ့ တွဲခုတ်ခဲ့ဖူးတဲ့ ရီဟားနားဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ အဆိုတော် Drake နဲ့ ပြတ်လိုက်ဆက်လိုက် အချစ်ရေးမျိုး ရှိခဲ့ဖူးပါတယ်။ ၂၀၁၅ ခုနှစ်မှာ တော့ အမေရိကန်ရက်ပ်ပါအဆိုတော် Travis Scott နဲ့ တွဲခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ အခုလက်ရှိချစ်သူ ဟက်စ်ဆန်ဂျမ်မဲလ်နဲ့ စတွဲခဲ့ပြီး အခုအချိန်အထိ သူတို့နှစ်ယောက်ရဲ့အချစ်ရေးဟာ ခိုင်မြဲနေဆဲဖြစ်ပါတယ်။


အသက် ၃၁ နှစ်အရွယ် ရောက်ရှိနေပြီဖြစ်တဲ့ ရီဟားနားဟာ အခုဆိုရင် မိခင်တစ်ယောက်ဘဝကို လိုလားနေပြီ ဖြစ်ပြီး လက်ရှိချစ်သူ ဟက်စ်ဆန်ဂျမ်မဲလ်နဲ့လည်း အချစ်သက်တမ်း ၂ နှစ်ကျော်လာပြီဖြစ်တာကြောင့် မကြာခင် မှာ သူမရဲ့မင်္ဂလာသတင်းကို ကြားရတော့မယ်လို့ ခန့်မှန်းနေကြပါပြီ။


by Cherry Mon
Ref; Daily Mail, Elle




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။