နိုင်ငံအလိုက်ကွဲပြားတဲ့ မိန်းကလေးတို့ ချောမောလှပမှု သတ်မှတ်စံနှုန်းများ

သူ့အရပ်နဲ့ သူ့ဇာတ်ဆိုသလိုပါပဲ၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ လူမျိုးစုတစ်ခုနဲ့တစ်ခု ဓလေ့ထုံးတမ်းချင်း ကွာခြားသလို အတွေးအခေါ် အယူအဆချင်းလည်း မတူညီကြပါဘူး။ မိန်းကလေးတစ်ယောက် ချောမောလှပတယ်လို့ ဆိုရာ မှာလည်း အနောက်တိုင်းနဲ့ အရှေ့တိုင်း နိုင်ငံတွေ အမြင်ချင်းမတူကြပါဘူး။ အဲဒါကြောင့် မိန်းကလေး တစ်ယောက်ကို ချောတယ်လှတယ်လို့ ယူဆရာမှာ နိုင်ငံအလိုက်မတူညီတဲ့ ထူးထူးဆန်းဆန်း သတ်မှတ်စံနှုန်း တွေကို ဖော်ပြပေးလိုက်ပါတယ်။


 ၁။ ဂျပန်နိုင်ငံမှာ သွားတက် ဒါမှမဟုတ် မညီညာတဲ့ သွားချွန်လေးတွေရှိခြင်း


အနောက်တိုင်းနိုင်ငံတွေမှာ သွားတွေညီညာဖြောင့်တန်းနေမှ လှပတယ်လို့ အမျိုးသမီးအများစုက ယူဆထားကြ ပါတယ်။ အဲဒါမှ ပြုံးတဲ့အခါ သွားလေးတွေပါ လှပနေမှာပါ။ ဒါပေမဲ့ ဂျပန်နိုင်ငံမှာတော့ သွားတက်လေးတွေ ပါတာ ဒါမှမဟုတ်ရင်လည်း မညီမညာပေါက်နေတဲ့ သွားချွန်လေးတွေရှိတာကို ချစ်စရာကောင်းတယ်လို့ ယူဆ ကြပါတယ်။ အဲဒါကြောင့် ဂျပန်မလေးတွေကိုကြည့်ရင် သွားချွန်လေးတွေနဲ့ များပါတယ်။


၂။ အနောက်အာဖရိကမှာ အမာရွတ်ရှိတဲ့ အသားအရေ


နိုင်ငံတော်များများမှာ အမာရွတ်ကင်းစင်ပြီး ပြစ်မျိုးမှဲ့မထင်တာကို လှတယ်လို့ ယူဆကြပေမဲ့ မြောက်အာဖရိက မှာတော့ သူတို့ရဲ့ ခန္ဓာကိုယ်တင်မက မျက်နှာမှာပါ အမာရွတ်တွေကို လှတယ်လို့ယူဆပြီး အလှဆင်တတ်ကြပါ သတဲ့။ အဲဒီအဖြစ်ဟာ တစ်ကမ္ဘာလုံးမှာ အထူးဆန်းဆုံးလို့ဆိုရမယ့် ချောမောလှပမှုသတ်မှတ်စံနှုန်းတစ်ခုပါပဲ။


၃။ တောင်ကိုရီးယားမှာ အသည်းပုံမျက်နှာပုံစံ


တောင်ကိုရီးယားနိုင်ငံဆိုတာ ပလတ်စတစ်ဆာဂျရီလုပ်ခြင်း၊ မျက်နှာခွဲစိတ်ပြုပြင်ခြင်းကို လူတွေလုပ်လေ့ရှိတဲ့ သာမန်အလေ့အထတစ်ခုလို ယူဆထားကြတဲ နိုင်ငံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တောင်ကိုရီးယား လူမျိုးအများစုဟာ ခွဲစိတ်ပြုပြင်ခြင်းနဲ့ သူတို့ရဲ့အသွင်ပြင်ကို ပြောင်းလဲယူလေ့ရှိပါတယ်။ အဲဒီလိုခွဲစိတ်ရာမှာ လည်း အသည်းပုံမျက်နှာပုံစံကို အများဆုံးရွေးချယ်တတ်ကြပါတယ်။ အကြောင်းကတော့ အဲဒီလိုမျက်နှာမျိုးကို ကိုးရီးယားမှာ လှပတယ်လို့ ယူဆထားကြတာကြောင့်ပါပဲ။


၄။ မော်ရီတန်းနီးယား (Mauritania) မှာ ခန္ဓာကိုယ်ဝဖိုင့်ခြင်း


မော်ရီတန်းနီးယားမှာ ပြောလေ့ရှိတဲ့ စကားတစ်ခုကတော့ ဗိုက်ခေါက်မရှိတဲ့ မိန်းကလေးတွေဟာ အမျိုးသား တစ်ယောက်ကို ဘယ်တော့မှမဆွဲဆောင်နိုင်ဘူးလို့ ဆိုပါတယ်။ ပိန်မှလှတယ်လို့ ယူဆထားကြတဲ့ နိုင်ငံအများစု ရဲ့ အတွေးနဲ့တော့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ။


၅။ အီရန်မှာ မျက်နှာပေါ်မှာ ခွဲစိတ်ထားတာရှိခြင်း


ဖြောင့်စင်းတဲ့ နှာခေါင်းလေးတွေရှိတာဟာ လှပတဲ့အရာတစ်ခုပါ။ အီရန်က လူအတော်များများကလည်း နှာခေါင်းခွဲစိတ်ထားတာမဟုတ်ရင် လှတယ်လို့ မထင်ကြပါဘူး။ အဲဒါကြောင့် အီရန်ရဲ့လမ်းတွေပေါ်မှာ နှာခေါင်း မှာ ခွဲစိတ်ထားတဲ့ပတ်တီးလေးတွေနဲ့ လူတွေကို မကြာခဏတွေ့မြင်ရတတ်ပါသတဲ့။


၆။ တရုတ်နိုင်ငံမှာ ဖြူဖွေးဖျော့တော့တဲ့ အသားအရေ


တရုတ်လူမျိုးတွေဟာ ဖြူဖွေးပြီး ဖျော့တော့တဲ့ အသားအရေမျိုးကို အတော်လေးသဘောကျ နှစ်ခြိုက်ကြ ပါတယ်။ အနောက်တိုင်းလူမျိုးတွေက ကမ်းခြေသွားပြီး နေလောင်အသားအရေမျိုးရအောင် နေလောင်ခံနေကြ ချိန်မှာ သူတို့ကတော့ ကမ်းခြေကို မျက်နှာဖုံးမပါဘဲ သွားလေ့မရှိပါဘူး။ အကြောင်းကတော့ သူတို့အသားအရေ နေလောင်ပြီး ညိုသွားတာကို မကြိုက်ကြတာကြောင့်ပါပဲ။


၇။ အာဖရိကမှာ နဖူးမြင့်မြင့်


နဖူးပြောင်တယ်ဆိုရင် အများက စနောက်ချင်ကြပေမဲ့ အာဖရိကမှာဆိုရင်၊ အထူးသဖြင့် Fula လူမျိုးစုတွေမှာ ဆိုရင် အမျိုးသမီးတွေ နဖူးပြောင်ခြင်းဟာ လှပတဲ့အရာတစ်ခုအဖြစ် ယူဆထားကြပါတယ်။ အဲဒါကြောင့် သူတို့ တွေဟာ နဖူးမြင့်မြင့်ပြောင်ပြောင်မျိုး ရရှိဖို့အတွက် အရှေ့ဆံပင်နည်းနည်းကိုတောင် ရိတ်ပစ်လေ့ရှိကြပါတယ်။


၈။ အီသီယိုးပီးယားမှာ ဆွဲဆန့်ထားတဲ့ နှုတ်ခမ်းများ


အီသီယိုးပီးယားနိုင်ငံမှာ Mursi လို့ခေါ်တဲ့ မျိုးနွယ်စုတစ်စု ရှိပါတယ်။ အဲဒီမျိုးနွယ်စုဝင် အမျိုးသမီးတွေဟာ အထူးပြုလုပ်ထားတဲ့ အဝိုင်းပြားတွေနဲ့ သူတို့ရဲ့အောက်နှုတ်ခမ်းကို ရှည်နိုင်သလောက် ဆွဲဆန့်ထားကြပါတယ်။ သူတို့ရဲ့အယူအဆအရ နှုတ်ခမ်းကို ရှည်အောင်ဆွဲဆန့်နိုင်လေ၊ အဲဒီမိန်းကလေးရဲ့ ဂုဏ်သရေဟာ ပိုမြင့်လေ ဖြစ်ပါသတဲ့။


၉။ တာဂျစ်ကစ္စတန်မှာ နှစ်ခုဆက်နေတဲ့ မျက်ခုံးမွှေး


တခြားနိုင်ငံက မိန်းကလေးတော်တော်များများက မျက်ခုံးမွှေးနှစ်ခု မဆက်အောင် ကြံဆောင်နေကြချိန်မှာ တာဂျစ်ကစ္စတန်က အမျိုးသမီးတွေကတော့ မျက်ခုံးချင်းဆက်နေတာကို အတော်လေးနှစ်သက်သဘောကျကြ ပါတယ်။


by Cherry Mon
Ref; Sarcasm

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။