တရားဝင်ကွာရှင်းကြတော့မယ့် Song Song Couple

နိုင်ငံတကာက နာမည်ကျော်အနုပညာရှင်တွေထဲမှာ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ ဆယ်လီစုံတွဲလေးတွေ ရှိပါတယ်။ အဲဒီထဲမှာ ပရိသတ်အချစ်တော် တောင်ကိုရီးယားမင်းသားချော ဆောင်ဂျွန်ကီနဲ့ မင်းသမီးချော ဆောင်းဟေကိုတို့လည်း ပါဝင်ပါတယ်။ သူတို့နှစ်ဦးသားလက်ထပ်ခဲ့စဉ်တုန်းက မြင်သူအပေါင်းအားကျခဲ့ရသလို သူတို့စုံတွဲကိုလည်း Song Song Couple လို့ ချစ်စနိုးခေါ်ဝေါ်ခဲ့ကြပါတယ်။


ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ သူတို့နှစ်ဦး ကွာရှင်းပြတ်စဲတော့မယ့်အကြောင်း အတည်ပြုထားတဲ့သတင်းတွေ တက်လာခဲ့တာကြောင့် ပရိသတ်အပေါင်း စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ အဲဒီအကြောင်းကို ဇွန် ၂၇ ရက်နေ့၊ ဒီနေ့မှာပဲ ဆောင်ဂျွန်ကီရဲ့ ရှေ့နေ့ဖြစ်သူ ပတ်ခ်ဂျေဟွန်းက အတည်ပြု ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့က ဆိုးလ်မိသားစုတရားရုံးမှာ ဆောင်ဂျွန်ကီကို ဆောင်ဟေကိုက ကွာရှင်းခွင့်တောင်းခံ ခဲ့တာဖြစ်ပြီး ဆောင်ဂျွန်ကီကိုယ်စား ပတ်ခ်ဂျေဟွန်းရဲ့ ရှေ့နေ့ရုံးကို တရားဝင်စာထွက်လာခဲ့တာပါ။


အခုလို ကွာရှင်းတဲ့ကိစ္စနဲ့ပတ်သက်လို့ ဆောင်ဂျွန်ကီပြောဆိုထားတဲ့ ဖော်ပြချက်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဆောင်ဂျွန်ကီက အခုလိုသတင်းမျိုးထုတ်ပြန်ရတဲ့အတွက် ပရိသတ်ကို တောင်းပန်ထားတာဖြစ်ပြီး အခု ကွာရှင်းမှုကိုလည်း အမုန်းမပွားဘဲ အေးအေးဆေးဆေးဖြစ်သွားဖို့ မျှော်လင့်ကြောင်းလည်း ပြောထားပါတယ်။ အဲဒီဖော်ပြချက်မှာ ဆောင်ဂျွန်ကီက “ပထမဆုံးအနေနဲ့ ကျွန်တော့်ကိုချစ်ခင်ဂရုစိုက်ကြတဲ့ ပရိသတ်တွေကို ဒီလို စိတ်မကောင်းစရာသတင်းမျိုး ပြောရတဲ့အတွက် တောင်းပန်ချင်ပါတယ်။ ဆောင်းဟေကိုက ကွာရှင်းခွင့်တောင်း တဲ့ ကိစ္စအတွက် တရားဝင်ဖြစ်ဖို့ လုပ်ငန်းစဉ်တွေကို ကျွန်တော်စလုပ်နေပါပြီ။” လို့ ပြောကြားထားပါတယ်။


ဒါ့ပြင် သူက “ဒီကိစ္စမှာ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ဝေဖန်နေတာထက် အေးအေးဆေးဆေး အခင်မင်မပျက်ပြီးဆုံးသွားဖို့ မျှော်လင့်ပါတယ်။ ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာကို အသေးစိတ်ချပြဖို့ကတော့ အတော်လေးခက်ခဲတာကြောင့် ပရိသတ်တွေ အနေနဲ့ ဒီကိစ္စကိုနားလည်ပေးကြဖို့ တောင်းဆိုပါတယ်။ ကျွန်တော့်အနေနဲ့ အခုလက်ရှိဒဏ်ရာတွေကို ပြန်လည်ကုစားပြီး ပရိသတ်တွေကို အကောင်းဆုံးတွေပေးနိုင်တဲ့ မင်းသားတစ်လက်ဖြစ်အောင် တတ်စွမ်းသမျှ ကြိုးစားသွားပါ့မယ်။ ကျေးဇူးတင်ပါတယ်။” လို့လည်း ပြောထားပါတယ်။


ဆောင်ဂျွန်ကီနဲ့ ဆောင်ဟေကိုတို့ဟာ နာမည်ကျော် “Descendants of the Sun” ဒရမ်မာဇာတ်လမ်းတွဲမှာ အတူခေါင်းဆောင် ပါဝင်ခဲ့ကြပြီး နှစ်ဦးသားချစ်သူဘဝကို ရောက်ရှိခဲ့ကြတာပါ။ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာမှာ သူတို့နှစ်ဦး တရားဝင်လက်ထပ်ထိမ်းမြား ခဲ့ကြပြီး ပရိသတ်တွေအားကျချစ်ခင်ရတဲ့ အနုပညာရှင်မောင်နှံစုံတွဲ လေး ဖြစ်လာခဲ့ပါတယ်။ အခုလို နှစ်ဦးသားကွာရှင်းတဲ့ အဖြစ်ကိုတော့ အကြောင်းအရင်းမသိရပေမဲ့ ပရိသတ်တွေ စိတ်မကောင်းဖြစ်နေကြပါတယ်။


အသက် ၃၃ နှစ်အရွယ် မင်းသားချောဆောင်ဂျွန်ကီဟာ အခုလက်ရှိမှာ ကိုရီးယားတီဗီဇာတ်လမ်းတွဲတစ်ခု ဖြစ်တဲ့ “Arthdal Chronicles” မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အသက် ၃၇ နှစ်အရွယ် မင်းသမီးချော ဆောင်းဟေကိုကတော့ ပြီးခဲ့တဲ့ Encounter ဇာတ်လမ်းတွဲမှာ နာမည်ကျော်မင်းသားချော ပတ်ခ်ဘိုဂွန်းနဲ့ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဆောင်းဟေဂိုဟာ အရင်ကလည်း နာမည်ကျော် ကိုရီးယားမင်းသားတွေ ဖြစ်ကြတဲ့ လီဗြောင်ဟွန်း၊ Rain တို့နဲ့လည်း အချစ်ဇာတ်လမ်းတွေ ရှိခဲ့ဖူးပါတယ်။


by Cherry Mon
Ref; Soompi, Allkpop

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။