Google Map အတိုင်းလိုက်ရင်း နွံနစ်ခဲ့ကြတဲ့ ကားမောင်းသမားများ

နည်းပညာတွေ တိုးတက်ကောင်းမွန်လာတာကြောင့် လူတွေအတွက် အလုပ်တချို့ သက်သာသွားစေတာ မှန်ပေမဲ့ ဘယ်စက်ပစ္စည်း၊ ဘယ်နည်းပညာမှာမဆို ချွင်းချက်ဆိုတာကတော့ ရှိတတ်ပါတယ်။ ပြီးခဲ့တဲ့ရ က်ပိုင်းက အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုက ကားမောင်းသူတစ်ရာနီးပါးဟာ ယာဉ်ကြောပိတ်တာကို ရှောင်ရှားဖို့ အတွက် Google Map က ပြတဲ့လမ်းအတိုင်း မောင်းနှင်ခဲ့ရာမှာ ဘာမှမရှိတဲ့ ကွင်းပြင်ကြီးဆီကို စုစည်းရောက်ရှိ သွားခဲ့ပါတယ်။


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Denver အပြည်ပြည်ဆိုင်ရာလေဆိပ်ကို သွားရာလမ်းတစ်လမ်းဖြစ်တဲ့ Pena Boulevard မှာ ယာဉ်တိုက်မှုတစ်ခု ဖြစ်ခဲ့တာကြောင့် ကားမောင်းသူတစ်ရာနီးပါးဟာ လမ်းလွှဲကနေ သွားရောက် နိုင်ဖို့အတွက် Google Map ကို အသုံးပြုခဲ့ကြတာပါ။ ဒါပေမဲ့ ကံမကောင်းအကြောင်းမလှစွာဘဲ သူတို့တွေ အားလုံး ရွှံ့နွံတွေရှိတဲ့ ကွင်းပြင်ကြီးဆီကို တူညီစွာ ရောက်ရှိသွားခဲ့ကြတာ ဖြစ်ပါတယ်။


အဲဒီလမ်းလွှဲဟာ မိုးရွာထားတာကြောင့် မြေတွေပျော့နေပြီး ရွှံ့နွံတွေဖြစ်နေခဲ့တာကြောင့် ကားတွေကို ဆက် မောင်းမရ ဖြစ်စေခဲ့ပါတယ်။ အဲဒီလို ရှေ့ဆက်မသွားနိုင်တော့တဲ့ ကားတွေရဲ့နောက်မှာ နောက်ထပ်ကားတွေပါ ထပ်မံစုပြုံလာတာကြောင့် စုစုပေါင်း ကားစီးရေ တစ်ရာနီးပါး အဲဒီလမ်းမှာ ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။ အဲဒီအကြောင်းကို ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့မှာ CNN သတင်းဌာနက သတင်းရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။


အဲဒီလိုပိတ်မိနေသူတွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်တဲ့ Connie Monsees ဟာ သူမခင်ပွန်းကို ကြိုဖို့ အတွက် လေဆိပ်ကို လာခဲ့တာပါ။ ဒါပေမဲ့ လမ်းမှာ ယာဉ်ကြောပိတ်နေတဲ့အခါ လမ်းလွှဲရှိလိုရှိငြား Google Map ကို ကြည့်ရာမှာတော့ လမ်းလွှဲဟာ အချိန် တစ်ဝက်လောက်ပဲ ပေးရမှာကို တွေ့တာကြောင့် အဲဒီမှာလမ်းညွှန်ထား တဲ့အတိုင်း မောင်းချလာခဲ့တာ ဖြစ်ပါတယ်။ တခြားကားတွေ လည်း အဲဒီလိုသွားနေကြတာ တွေ့တာကြောင့် သူမ အနေနဲ့ အားတက်သွားခဲ့ပေမဲ့ တကယ်တမ်းတော့ ထင်သလိုဖြစ်မလာခဲ့ပါဘူး။


ကံကောင်းတာကတော့ Monsees ရဲ့ကားဟာ လေးဘီးယက်စနစ်သုံး ကားမျိုးဖြစ်တာကြောင့် ဒီလို ရွှံ့နွံတော ထဲကနေ ရုန်းထွက်နိုင် ခဲ့ပါတယ်။ သူမဟာ သူမနဲ့အတူ လေဆိပ်သွားမယ့် နောက်ထပ်ခရီးသည်နှစ်ယောက်ကို လည်း တင်ခေါ်သွားခဲ့ပါသေးတယ်။ သူမရဲ့ ကျေးဇူးကြောင့် ခရီးသည်နှစ်ယောက်လည်း လေယာဉ်ချိန်အမှီ ရောက်ရှိသွားခဲ့ပါတယ်။


Google ကတော့ အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ “ကျွန်တော်တို့အနေနဲ့ လမ်းကြောင်းကို စဉ်းစားတဲ့နေရာမှာ လမ်းအရွယ်အစားနဲ့ တိုက်ရိုက်လမ်းကြောင်းဖြစ်ဖို့လို အချက်များစွာကို ထည့်တွက်ရပါတယ်။ ကျွန်တော်တို့ဟာ အကောင်းဆုံးလမ်းကြောင်းတွေကိုချည်း ပြသပေးပေမဲ့ ရာသီဥတုလို ကြိုတင်မခန့်မှန်းနိုင်တဲ့ အခြေအနေတွေ ကြောင့် ပြဿနာတက်နိုင်ပါတယ်။ အဲဒါကြောင့် ကားမောင်းသူတွေအနေနဲ့ ကားအသုံးပြုတဲ့အခါ ဒေသတွင်း စည်းမျဉ်းဥပဒေတွေနဲ့ အခြေအနေအရပ်ရပ်ကို သုံးသပ်ဆင်ခြင်ကြဖို့ တိုက်တွန်းထားပါတယ်” လို့ ရှင်းလင်း ဖော်ပြထားပါတယ်။


အဲဒါကြောင့် နည်းပညာတွေနဲ့ စက်ပစ္စည်းတွေကိုချည်းပဲ အမြဲတမ်း မျက်စိမှိတ်အားကိုးမနေဘဲ ရာသီဥတု အခြေအနေနဲ့ ဒေသတွင်းထုတ်ပြန်ချက်တွေကို အမြဲမပြတ်နားစွင့်ကာ အရာရာကိုဆင်ခြင်ပြီးမှသာ ဆုံးဖြတ်မှု ပြုလုပ်သင့်ပါတယ်။


by Cherry Mon
Ref; CNN

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။