“Capernaum” ရုပ်ရှင်ကြောင့် ဒုက္ခသည်ဘဝကနေ ပြောင်းလဲသွားခဲ့တဲ့ မင်းသားငယ် ဇိမ်း

မိဘတွေကို ပြန်တရားစွဲဆိုတဲ့ဇာတ်လမ်းအဖြစ် နာမည်ကြီးခဲ့တဲ့ “Capernaum” ဆိုတဲ့ လစ်ဘနွန်ဒရမ်မာရုပ်ရှင် ဇာတ်လမ်းထဲက အဓိကဇာတ်ကောင် “ဇိမ်း” (Zain) ဆိုတဲ့ ၁၂ နှစ်အရွယ်ကောင်လေးကို မှတ်မိကြမယ်ထင်ပါ တယ်။ လူရာသွင်းမခံရလောက်အောင် နိမ့်ကျတဲ့မိသားစုမှာ မွေးဖွားလာပြီး အရွယ်နဲ့မလိုက်အောင် အလုပ်လုပ် ခဲ့ရတဲ့ ဇိမ်း၊ ညီမလေးကို အရမ်းချစ်ရှာပေမဲ့ ကလေးအရွယ်မှာပဲ ယောကျာ်းပေးစားခံလိုက်ရတဲ့အခါ စိတ်စိုးစိုးနဲ့ အိမ်ကထွက်သွားခဲ့တဲ့ ဇိမ်း၊ အိမ်ခဏပြန်လာချိန်မှာ ညီမဖြစ်သူရဲ့သတင်းဆိုးကြောင့် ဓါးထိုးမှုဖြစ် ကာ ထောင်ကျခဲ့ရတဲ့ ဇိမ်း၊ မကျွေးနိုင်ဘဲ ကလေးတွေကို လူ့လောကထဲခေါ်သွင်းပြီး ညှင်းပန်းနှိပ်စက်သလို ဖြစ်ခဲ့တာကြောင့် မိဘတွေကို ပြန်တရားစွဲချင်ပါတယ်ဆိုတဲ့ ဇိမ်း...


“Capernaum” ဇာတ်လမ်းထဲမှာ လမ်းဘေးရောက်နေတဲ့ ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ ခါးသီးလွန်းတဲ့ ဘဝကို ပုံဖော်ထားပြီး ကလေးငယ်တွေ ညှင်းပန်းနှိပ်စက်ခံရမှုတွေနဲ့ အရွယ်မတိုင်သေးဘဲ အိမ်ထောင်ပြုရတဲ့ ဓလေ့စရိုက်တွေကိုလည်း မီးမောင်းထိုးပြ ထားပါတယ်။ ဒါ့ပြင် အဲဒီဇာတ်လမ်းဟာ လက်တွေ့ မှာလည်း ဒုက္ခသည်အဖြစ် နေထိုင်နေရတဲ့ ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက်နဲ့ သူ့မိသားစုရဲ့ဘဝကို အမှန်တကယ် ပြောင်းလဲသွားစေခဲ့ပါတယ်။


သူကတော့ “Capernaum” မှာ ဇိမ်းဆိုတဲ့ ကောင်လေးနေရာက အဓိကပါဝင်သရုပ်ဆောင်ခဲ့သူ ဆီးရီးယန်းနိုင်ငံ ဖွား မင်းသားငယ်လေး Zain Al Rafeea ပါပဲ။ သူ့ရဲ့အပြင်နာမည်ကလည်း ဇိမ်းပါပဲ။ ဇိမ်းဟာ အဲဒီဇာတ်လမ်း ရိုက်ကူးပြီး မင်းသားရယ်လို့ ဖြစ်မလာခင်က လစ်ဘနွန်မှာ လာရောက်ခိုလှုံနေထိုင်ခဲ့ရတဲ့ ဆီးရီးယားဒုက္ခသည် လေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။


ဇိမ်းကို ၂၀၀၄ ခုနှစ်က ဆီးရီးယားနိုင်ငံ၊ Daraa မှာ မွေးဖွားခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာတော့ သူတို့မိသားစုဟာ လစ်ဘနွန်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။ အဲဒီမှာ ဆီးရီးယားဒုက္ခသည်တစ်ယောက်အဖြစ် မိသားစုနဲ့ အတူ နေထိုင်ရင်း အရွယ်ရောက်လာခဲ့ ပါတယ်။ ဇိမ်း ၁၂ နှစ်အရွယ်လောက်မှာတော့ “Capernaum” ရုပ်ရှင်ရဲ့ ဒါရိုက်တာဖြစ်သူ Nadine Labaki က လစ်ဘနွန်က Beirut လမ်းတွေပေါ်မှာ သူ့ကို ရှာဖွေတွေ့ရှိသွားပြီး အခုလို ရုပ်ရှင်ထဲမှာ အဓိကနေရာက ပါဝင်ဖို့ ဖြစ်လာခဲ့တာပါ။


၂၀၁၈ ခုနှစ်က ပွဲထုတ်ပြသခဲ့တဲ့ “Capernaum” ဟာ နိုင်ငံတကာမှာ အတော်လေးအောင်မြင်မှုရရှိခဲ့ပြီး ဆုပေါင်းများစွာ ပိုင်ဆိုင်ခဲ့သလို ဝင်ငွေလည်း ကောင်းခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ The New York Times ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကြီးကျယ်ဆုံးရုပ်ရှင်တွေထဲက တစ်ခုအပါအဝင် ဖြစ်ခဲ့သလို ၉၁ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာလည်း အကောင်းဆုံးနိုင်ငံခြားဘာသာစကားသုံး ရုပ်ရှင်တစ်ကား အဖြစ် ဆန်ခါတင် စာရင်းဝင်ခဲ့ပါတယ်။


ဘတ်ဂျက်အနေနဲ့ အမေရိကန်ဒေါ်လာ ၄ သန်းပဲ အသုံးပြုခဲ့ပေမဲ့ ဒေါ်လာ ၆၈ သန်းကျော် ဝင်ငွေရရှိခဲ့တဲ့ “Capernaum” ဟာ ဝင်ငွေ အကောင်းဆုံး Arabic ရုပ်ရှင်ဖြစ်ပြီး ခေတ်အဆက်ဆက်မှာ ဝင်ငွေ အကောင်းဆုံး အရှေ့အလယ်ပိုင်းဒေသက ရုပ်ရှင်လည်း ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ဟာ ၂၀၁၈ ခုနှစ်ရဲ့ ကိန်းရုပ်ရှင်ပွဲတော်မှာ Jury Prize ရရှိခဲ့သလို ဇိမ်းဟာလည်း နိုင်ငံတကာကပေးတဲ့ အကောင်းဆုံးမင်းသားဆုတွေကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။


ဇာတ်လမ်းရဲ့အောင်မြင်မှုကြောင့် ဇိမ်းလေးဟာလည်း ဆီးရီးယားဒုက္ခသည်ဘဝနဲ့ ခိုလှုံနေထိုင်သူဘဝကနေ တရားဝင်နေထိုင်ခွင့် ရရှိသွားခဲ့ပြီး အခုဆိုရင် မိသားစုနဲ့အတူ နော်ဝေနိုင်ငံမှာ အခြေချနေထိုင်နေပြီ ဖြစ်ပါတယ်။ ဒါ့ပြင် ဇိမ်းဟာ သူ့ဘဝမှာ ပထမဆုံးအဖြစ် ကျောင်းတက်ရောက်ပြီး ပညာသင်ကြားခွင့် ရရှိသွားခဲ့ပါပြီ။ ရှေ့ အနာဂတ်လေး ထွန်းလင်းတောက်ပလာပြီဖြစ်တဲ့ ဇီမ်းဟာ အခုဆိုရင် ဓါးတွေ၊ အမှိုက်ပုံတွေကြား မကစားရတော့ဘဲ သာယာတဲ့ ဥယျာဉ်ထဲမှာ အများနည်းတူကစားနိုင်နေပါပြီ။


by Cherry Mon
Ref; UNHCR, Wikipedia

     

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။