သက်ငယ်မုဒိမ်းတရားခံများကို ယီမင်နိုင်ငံတွင် မည်သို့စီရင်ပါသလဲ ?

ပြီးခဲ့သော ၂၀၁၇ သြဂုတ်လ ၃၁ ( တနင်္လာနေ့ ) တွင် ယီမင်နိုင်ငံ၊ တာဟီယာမြို့လယ်ရှိ လူစည်ကားရာအရပ်တွင် လူတစ်ယောက်ကို သေနတ်ဖြင့်သုံးချက်တိတိပစ်ခတ်ကွပ်မျက်မှုဖြစ်ပွားခဲ့ပြီး ထိုဖြစ်ရပ်အပေါ် တစ်ကမ္ဘာလုံးက တုန်လှုပ်ခဲ့သည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ ဟူစိန် အယ်လ် ဆာကိရ် ဆိုသူဖြစ်ပြီး ထိုသူမှာ လေးနှစ်အရွယ်မိန်းကလေးကို မတရားပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူဖြစ်သည်။ အသက် ( ၂၂ ) နှစ်အရွယ် ဟူစိန်ကို ရဲအရာရှိများခြံရံကာ အချုပ်ကားပေါ်မှ ခေါ်ဆောင်လာသည်။ ထိုသူကို လက်နောက်ပြန်ကြိုးတုပ်ထားပြီး မြေကြီးပေါ်ခင်းထားသော စောင်တစ်ထည်ပေါ်သို့ ဝမ်းလျားမှောက်ခိုင်းလိုက်သည်။ ထို့နောက် နေကာမျက်မှန်အမည်းဝတ်ဆင်ထားသော ကွပ်မျက်သူအရာရှိက အေကေ ၄၇ မောင်းပြန်ရိုင်ဖယ်ဖြင့် ထိုသူ၏ နောက်ကျော ( လည်ကုတ် ) နေရာကို သေနတ်ဖြင့် သုံးချက်တိတိဆင့်ပြီး ပစ်ခတ်ကွပ်မျက်ခဲ့သည်။



ထို့ပြင် သေဆုံးသွားပြီးသော ဟူစိန် ၏ ခန္ဓာကိုယ်ကို ကရိန်းဖြင့်ဆွဲပြီး တာဟီရာ မြို့ထဲတွင်လှည့်ပတ်ပြသခဲ့သည်။

ထိုမြင်ကွင်းကား သက်ငယ်မုဒိမ်းနှင့် ပတ်သက်လာလျှင် ပြတ်ပြတ်သားသားကိုင်တွယ်တတ်သော ယီမင်နိုင်ငံ၏ တရားခံများအပေါ် ပြုကျင့်ပုံဖြစ်လေသည်။ မုဒိမ်းကျင့်လူသတ်လျှင် သေဒဏ်ဟူသောအဆိုကို ကမ္ဘာ့နိုင်ငံတော်တော်များများက လက်ခံခြင်းမရှိသော်လည်း ကွန်မြူနစ်နိုင်ငံ ( တရုတ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နှင့် ရုရှား ) နိုင်ငံများ၏ တစ်ချို့နေရာများတွင် ကွပ်မျက်ခြင်းများရှိနေဆဲဖြစ်သည်။ ကွပ်မျက်ပုံခြင်းကတော့ မတူကြချေ။ တရုတ်တွင် ကွပ်မျက်ရေးတပ်သားများက သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ ဆေးထိုးသတ်ခြင်းများပြုလုပ်ကြသည်။ သို့သော် ယဉ်ကျေးသောနိုင်ငံများဖြစ်ကြသည့် အနောက်နိုင်ငံများတွင်တော့ သေဒဏ်ပေးခြင်းမှာ ခက်ခဲသောကိစ္စတစ်ခုဖြစ်နေဆဲပင်ဖြစ်သည်။



ပြီးခဲ့သော ၂၀၁၉ ဖေဖော်ဝါရီကလည်း အသက် ( ၁၂ ) နှစ်အရွယ် ယောကျာ်းလေးတစ်ဦးကို မတရားကျင့်ပြီး သတ်ဖြတ်ခဲ့သော မိုဟမ္မဒ် ခါလစ် နှင့် ဝါဒါး ရီဖတ် တို့နှစ်ဦးကိုလည်း အေဒင်မြို့ရှိဘောလုံးကွင်းတစ်ခုတွင် စစ်တပ်က ရိုင်ဖယ်နှင့်ပစ်သတ်ပြီး အဆုံးစီရင်ခဲ့သည်။ ထိုဖြစ်ရပ်တွင် ပါဝင်သော အမျိုးသမီးတစ်ဦးကိုလည်း ကြံရာပါအဖြစ်စွပ်စွဲပြီး သေဒဏ်ပေးရန်ဆုံးဖြတ်ခဲ့သည်။



သို့သော် အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေသဖြင့် သေဒဏ်ကို ဆိုင်းငံ့ထားဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် အလားတူ ကလေးသူငယ်များကို မဖွယ်မရာပြုလုပ်မှု၊ မတရားပြုလုပ်မှုများရှိနေသော်လည်း အများစုမှာ တရားဥပဒေနှင့်ဝေးကွာနေဆဲ၊ အဓိကလက်သည်များ လွတ်မြောက်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံတွင် ယခုကဲ့သို့ အရွယ်မရောက်သေးသော ကလေးသူငယ်များ၊ မသိနားမလည်သောကလေးငယ်များအပေါ် အမြတ်ထုတ်မှုများရှိနေပြီး ပြည်သူလူထုအများစုက တရားခံများကို ထိုက်တန်သည့်ဥပဒေစီရင်ပေးရန်လိုလားနေကြသည်။

သို့သော် ကလေးသူငယ်မတရားမှုများသေဒဏ်ပေးရန်အဆိုကို ကန့်ကွက်နေဆဲသူများရှိနေပြီး ကန့်ကွက်ရသည့်အကြောင်းရင်းမှာ တရားခံကို ပြေးပေါက်မရှိစေရန် ဖန်တီးပေးသည့်အနေအထားဖြစ်နေသည်ဟု ယူဆကြသည်။ တရားခံအနေဖြင့် မတရားမှုကျုးလွန်ခဲ့ပါက သေချာပေါက်သေဒဏ်ကျခံရမည်ဖြစ်ပြီး သက်သေမရှိအောင်ဖျောက်ပစ်သည့်အနေဖြင့် နောက်ဆက်တွဲလူသတ်မှုများ ကျုးလွန်လာနိုင်သည်ဟု ပညာရှင်တစ်ချို့ကထောက်ပြသည်။



လက်ရှိတွင်တော့ မြန်မာနိုင်ငံသမ္မတဦးဝင်းမြင့်က မတရားကျုးလွန်သူများကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံစေရန် ဥပဒေကို အတည်ပြုခဲ့သည်။

သို့သော် ကျုးလွန်ခံရသူ၊ သားကောင်ဖြစ်ရသူ၏ သေရာပါစိတ်ဒဏ်ရာ၊ အရှက်၊ သိက္ခာ နှင့် လူအများကြားရပ်တည်ရန်ခက်ခဲသွားမှုတို့မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့်စာလျှင် နည်းပါးလွန်းသည်ဟု လူတစ်ချို့က ယူဆကြသည်။

မည်သို့ပင်ဖြစ်စေ .. ကျုးလွန်သူများကို အထက်ပါ ယီမင်နိုင်ငံနည်းတူ သေစားသေစေပြစ်ဒဏ်ပေးရန်အခွင့်အလမ်းမှာတော့ လွန်စွာနည်းပါးနေဆဲဖြစ်သည်။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။