သက်ငယ်မုဒိမ်းမှုကျူးလွန်သူကို ထောင်ဒဏ်တစ်သက်ချမှတ်နိုင်ရန် ဥပဒေကြမ်းမှာ သမ္မတ လက်မှတ်ထိုး

အသက်(၁၂)နှစ်အောက် ကလေးငယ်များနဲ့ မသန်စွမ်းအမျိုးသမီးများ အပေါ် မုဒိမ်းမှုကျူးလွန်သူများကို အနည်းဆုံး ထောင်ဒဏ် (၁၀)နှစ်မှ ထောင်ဒဏ်တစ်သက် (ထောင်ထဲတွင် သေသည်အထိ နေရမည်)အထိ ချမှတ်ခြင်း ခံရတော့မယ်ဖြစ်ကြောင်း ရာဇသတ်ကြီးအား ပြင်ဆင်သည့် ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီလို့ သိရပါတယ်။

အဆိုပါ ဥပဒေကြမ်းထဲတွင် မုဒိမ်းမှုဖြစ်စဉ်အတွင်း ပြုကျင့်ခံရသူမှာ အသက်သေဆုံးပါက ကျူးလွန်သူကို မုဒိမ်းမှုဖြင့် အရေးယူနိုင်တဲ့အပြင် ထောင်ဒဏ်(၇)နှစ် ကျခံရနိုင်သော လူသတ်မှုဖြင့်လည်း ငြိစွန်းနေခြင်းကြောင့် သေဒဏ်အထိချမှတ်ခံရနိုင်တယ်လို့  သိရပါတယ်။ ဒါ့အပြင် အသက် (၁၂)နှစ်အထက် မိန်းကလေးများကို မုဒိမ်းမှုကျူးလွန်မယ်ဆိုရင် မူလရာဇသတ်ကြီးဥပဒေ ပုဒ်မ (၃၇၆)ပါအတိုင်း ထောင်ဒဏ်နှစ် (၂၀)ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ကျခံရမှာဖြစ်ပါတယ်။ မုဒိမ်းမှုများအတွက် ယခင်ပြဌာန်းထားတဲ့ ဥပဒေကြမ်းမှာ ငယ်ရွယ်တဲ့ ကလေးငယ်များနဲ့ မသန်စွမ်းသူများအပေါ် ပြစ်မှုကျူးလွန်တဲ့ ရာဇဝတ်သားများအတွက် လုံလောက်သော ပြစ်မှုမျိုးမဟုတ်ခြင်းကြောင့် ပြစ်မှုပြစ်ဒဏ်တိုးမြှင့်နိုင်ရန် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

အခုလို လွှတ်တော်သို့ ပြစ်မှုပြစ်ဒဏ်တိုးမြှင့်နိုင်ရန် ဥပဒေကြမ်းတင်သွင်းရခြင်းမှာ မူလပြစ်ဒဏ်က လုံလောက်မှုမရှိခြင်း၊ ကျူးလွန်သူများကို အဟန့်အတားမဖြစ်ခြင်း၊ ကျူးလွန်သူ အရေအတွက် များပြားလာခြင်းတို့ကြောင့် နောက်မပြုနိုင်အောင် စံပြုလောက်တဲ့ ဥပဒေတစ်ရပ်အနေနဲ့ ပြဌာန်းဖို့ တင်သွင်းလိုက်တာလို့ သိရပါတယ်။

အဆိုပါ ဥပဒေကြမ်းကို မတ်လ (၄)ရက်နေ့က ပြည်သူ့လွှတ်တော်အတွင်း အတည်ပြုခဲ့ပြီး အမျိုးသားလွှတ်တော်ကလည်း မတ်လ (၁၄)ရက်နေ့က ထပ်မံအတည်ပြုခဲ့ပါတယ်။ အခုလို ဥပဒေကြမ်းကို လွှတ်တော်(၂)ရပ်လုံးက အတည်ပြုလိုက်တဲ့အတွက် နိုင်ငံတော်သမ္မတမှ မတ်လ (၂၆)ရက်နေ့က ၎င်းဥပဒေကြမ်းကို အတည်ပြု လက်မှတ်ရေးထိုးလိုက်ပြီလို့ သိရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။