လိင်ပြောင်းလဲပြီးနောက်မှာ အမျိုးသမီးစုံတွဲအဖြစ် ပြန်လည်လက်ထပ်ခဲ့ကြတဲ့ ဇနီးမောင်နှံ

အခုခေတ်မှာ gay အဖြစ် တရားဝင်ခံယူပြီး လိင်ပြောင်းတဲ့ ဖြစ်စဉ်တွေဟာ အထူးအဆန်းမဟုတ်တော့ပါဘူး။ အိမ်ထောင်နဲ့ သားသမီးတွေရှိနေပေမဲ့ အသက်ကြီးတော့မှ လိင်ပြောင်းကာ အမျိုးသမီးဘဝကို ခံယူနေတဲ့သူ တွေလည်း ရှိပါတယ်။ အထင်ရှားဆုံး ဥပမာကတော့ Kendall Jenner နဲ့ Kylie Jenner တို့ရဲ့ဖခင် Bruce Jenner ပဲ ဖြစ်ပြီး အခုဆိုရင် Caitlyn Jenner အဖြစ် အမျိုးသမီးဘဝကို ခံယူထားပါပြီ။


အိမ်ထောင်သက် ၁၇ နှစ်လောက် ကြာပြီဖြစ်တဲ့ ဗြိတိသျှအမျိုးသားနဲ့ အမေရိကန်အမျိုသမီးစုံတွဲမှာလည်း အလားတူ ဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့ပါတယ်။ ပုံမှန်အတိုင်း အမျိုးသားနဲ့အမျိုးသမီးဘဝအဖြစ် ၁၇ နှစ်ကြာ ပေါင်းသင်းခဲ့ပြီး နောက်မှာ ခင်ပွန်းဖြစ်သူဟာ လိင်ပြောင်းကာ အမျိုးသမီးအဖြစ် ခံယူခဲ့ပါတယ်။ ပိုထူးဆန်းတာကတော့ သူတို့ နှစ်ယောက်ဟာ ယောကျာ်းဖြစ်သူ လိင်ပြောင်ပြီးနောက်မှာလည်း အမျိုးသမီးနှစ်ယောက်အဖြစ် ပြန်လည် လက်ထပ်ခဲ့တာပါပဲ။ လူက ပြောင်းလဲသွားပေမဲ့ အချစ်တွေကတော့ ပြောင်းလဲမသွားဘူးဆိုတဲ့ သဘောပါပဲ။


Lan Hawkes နဲ့ Cheryl Palmer တို့ ဇနီးမောင်နှံဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က အွန်လိုင်း chatting မှာ တွေ့ရှိခဲ့ကြတာဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်မှာ ထိမ်းမြားလက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ လအနည်းငယ်အကြာမှာ တော့ သူတို့နှစ်ဦးရဲ့ သားရတနာ Jasion ကို မွေးဖွားခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးဟာ အဆင်ပြေ ချောမွေ့နေခဲ့ပေမဲ့ Lan ရဲ့ စိတ်အတွင်းပိုင်းမှာတော့ ဒွိဟတွေဖြစ်နေခဲ့ရပါတယ်။


၂၀၁၄ ခုနှစ်မှာတော့ Lan တစ်ယောက် လိင်ပြောင်းခွဲစိတ်ကာ SueZie ဆိုတဲ့ အမျိုးသမီးဘဝကို ခံယူဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီလိုခွဲစိတ်မှုပြီးစီးချိန်မှာ SueZie ပထမဆုံးပြောဖြစ်တဲ့စကားကတော့ “အခုတော့ ဘဝကြီးက အရမ်းကို ပိုရိုးစင်းသွားပါပြီ” ဆိုတာပါပဲ။ SueZie ဟာ ငယ်စဉ်ကတည်းက သူ့ရဲ့စိတ်ထဲ မှာ မိန်းကလေးတစ်ယောက် ဖြစ်ချင်နေခဲ့တာဖြစ်ပြီး အခုကျမှ သူ့အတွက် လွတ်လပ်ပွင့်လင်းခွင့်ရသွားခဲ့တာပါ။


ဒါပေမဲ့ သူဟာ ဝန်မခံရဲခဲ့တာကြောင့် မိသားစုနဲ့ ဇနီးဟောင်းမသိအောင် သူ့ရဲ့အတွင်းစိတ်ထဲက ခံစားချက် အစစ်အမှန်တွေကို ဖုံးကွယ်ထားခဲ့ရပါတယ်။ ဒါပေမဲ့ သူဟာ အမျိုးသားဆိုင်ရာရောဂါတစ်ခုကို ခံစားရပြီးချိန်မှာ တော့ ဇနီးဖြစ်သူကို အမှန်အတိုင်းဖွင့်ပြောခဲ့ပါတယ်။ ဆရာဝန်က ရောဂါကို ကုသပေးမယ့်အကြောင်း ပြောခဲ့ ပေမဲ့ SueZie ကတော့ တစ်ခါတည်း လိင်ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။


၂၀၁၇ ခုနှစ်မှာတော့ SueZie နဲ့ Cheryl တို့ဟာ အမျိုးသမီးနှစ်ဦးအဖြစ် ပြန်လည်လက်ထပ်ပြီး ပျားရည်ဆမ်း ခရီးစဉ်အဖြစ် Las Vegas ကို သွားရောက်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ သားဖြစ်သူအပါအဝင် မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ သားဖြစ်သူ Jaison ကလည်း သူတို့ရဲ့ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပါ တယ်။ SueZie ဟာ သူ့ရဲ့မင်္ဂလာဝတ်စုံကို ကိုယ်တိုင်ချုပ်ခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးရဲ့ လက်ထပ်ပွဲမှာ နှစ်ဦးလုံး ဝမ်းသာလွန်းလို့ မျက်ရည်ကျခဲ့ကြပါတယ်။ 


လူတွေဘယ်လိုပဲ ပြောင်းလဲပြောင်းလဲ သူတို့နှစ်ဦးရဲ့ စစ်မှန်တဲ့ မေတ္တာကတော့ မပြောင်းလဲခဲ့သလို သံယောဇဉ် တွေလည်း ကုန်ဆုံးမသွားခဲ့ပါဘူး။ အဲဒါကြောင့် ယောကျာ်းရယ်၊ မိန်းမရယ်၊ ဘယ်သူဘယ်ဝါရယ်ဆိုတာက အရေးမကြီးပါဘူး။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကသာ အရေးကြီးပါပဲ။

https://www.dailymail.co.uk/news/article-7199519/British-husband-wife-remarry-two-WOMEN-following-17-years-marriage-sex-change.html#v-2791369382635419743


by Cherry Mon
Ref; Daily Mail


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။