ဖျော်ပြီးသား ကော်ဖီမှုန့်တွေကို လွှင့်မပစ်သင့်တဲ့ အကြောင်းအရင်း ၈ ချက်

ရယ်ဒီမိတ် coffee mix တွေမဟုတ်ဘဲနဲ့ ကော်ဖီမှုန့်ကို ကိုယ်တိုင်ဖျော်သောက်တဲ့သူတွေအနေနဲ့ သောက်ပြီးတဲ့အခါ ကျန်ခဲ့တဲ့ ကော်ဖီအနှစ်တွေကို ရေစစ်ပြီး အခြောက်ခံထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဖျော်ပြီးသား ကော်ဖီအကြမ်းမှုန့်တွေဟာ အသုံးဝင်တဲ့အချက်တွေ တော်တော်များများ ရှိနေလို့ပါ. . .။

၁။ မြေသြဇာအဖြစ်သုံးလို့ရတယ်

သင်ဟာ အပင်စိုက်တာ ဝါသနာပါတဲ့သူဆိုရင်တော့ ဖျော်ပြီးသားကော်ဖီမှုန့်တွေဟာ ဘယ်တော့မှ စွန့်မပစ်သင့်တဲ့အရာတွေပါ။ ကော်ဖီမှုန့်တွေဟာ သဘာ၀  mineral တွေ အများကြီးကျန်နေသေးတဲ့အတွက် သင့်အပင်လေးတွေ ကြီးထွားဖို့  မြေသြဇာအဖြစ် ကောင်းကောင်းအသုံးချလို့ရပါသေးတယ်။

၂။ အင်းဆက်ပြေးဆေး

ကော်ဖီအကြမ်းမှုန့်တွေမှာပါဝင်တဲ့ caffeine  နဲ့ diterpenes တွေဟာ အင်းဆက်ပိုးမွှားတွေအတွက်တော့ အဆိပ်အတောက်ပါပဲ။ ဒါကြောင့် ဖျော်ပြီးသားကော်ဖီအကြမ်းမှုန့်တွေကို ပန်းကန်ပြားထဲထည့်ပြီး အနားမှာသာထားမယ်ဆိုရင် ခြင်တွေ ယင်တွေ အနားကိုလာတော့မှာမဟုတ်ပါဘူး။

၃။ ခရုတွေ ပက်ကျိတွေ go away

အကယ်၍သင်ဟာ ခရုတွေ ပက်ကျိတွေကို မုန်းတယ်ဆိုရင်လည်း ကော်ဖီမှုန့်တွေကို လက်နက်အဖြစ်သုံးလို့ရပါသေးတယ်။ ကော်ဖီမှုန့်တွေ ဖြူးထားတဲ့နေရာကို ခရုတွေ ပက်ကျိတွေ လုံးဝမလာပါဘူး။

၄။ သန်းတွေ လှေးတွေ သတ်ဦးမလား

အိမ်မွေးတိရစ္ဆာန်လေးတွေမှာ သန်းတွေ လှေးတွေ ဆိုတာ ရှိတတ်ကြပါတယ်။ chemical တွေပါတဲ့ ဆေးဝါးတွေကြောင့် ဘေးထွက်ဆိုးကျိုးတွေ မဖြစ်စေချင်ဘူးဆိုရင်တော့ ဖျော်ပြီးသားကော်ဖီမှုန့်တွေကိုသာ သုံးလိုက်ပါ။ shampoo နဲ့ ရေမချိုးခင် ကော်ဖီမှုန့်တွေကို ပေါင်ဒါလိမ်းသလိုလိမ်းထားပေးပြီး အတော်ကြာမှ ခါထုတ်ပြီး ရေချိုးပေးကြည့်ပါနော်။

၅။ အနံ့စုပ်ဆေး

ဖျော်ပြီးသားကော်ဖီမှုန့်တွေရဲ့ ထင်ရှားတဲ့ အာနိသင်တစ်ခုက အနံ့စုပ်နိုင်စွမ်းရှိတာပါပဲ။ ကော်ဖီမှုန့်တွေကို ပန်ကန်လုံးတစ်လုံးထဲထည့်ပြီး ရေခဲသေတ္တာ၊ ဖိနပ်စင် နဲ့ အခြားအနံ့အသက်ရှိတဲ့နေရာတွေမှာ ထားပေးရင် မကောင်းတဲ့အနံ့အသက်တွေကို စုပ်ယူ ဖယ်ရှားပေးသွားမှာပါ။ လက်မှာ ကြက်သွန်ဖြူ ကြက်သွန်နီတွေ ကိုင်ပြီးလို့ အနံ့တွေစွဲနေရင်တောင်မှ ကော်ဖီမှုန့်လေးတွေနဲ့ ရေနဲ့ရောပြီး ပွတ်တိုက်ပေးရင် အနံ့အသက်တွေ ပျောက်ကင်းနိုင်ပါတယ်။

၆။ အသားအရေအတွက် exfoliator 

ဒါကတော့ မိန်းကလေးတိုင်း သိပြီးဖြစ်မှာပါ။ ကော်ဖီ scrub ဆိုတာကလည်း အခုခေတ်မှာ အလှကုန် brand အတော်များများက ထုတ်နေပြီဆိုတာတော့ကာ သင်ကိုယ်တိုင်လည်း ဖန်တီးနိုင်ပါတယ်။ လုပ်ရမဲ့နည်းကတော့ ကော်ဖီမှုန့်ကို အုန်းဆီစစ်စစ်နဲ့ ရောပြီး မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့ရေမချိုးခင် ပွတ်တိုက်ပေးခြင်းဖြင့် နေလောင်ဒဏ်တွေကို သက်သာစေပြီး အသားအရည်ကို ဖြူဝင်း ချောမွတ်စေမှာပါ။

၇။ မျက်ဝန်းတစ်ဝိုက်ကို နုပျိုစေမှာပါ

မျက်ဝန်းတစ်ဝိုက်က အရေပြားဟာအင်မတန် ပါးလွှာပြီး နူးညံ့တဲ့အတွက် အရေးအကြောင်းတွေနဲ့ ညိုမည်းမှုတွေ ဖြစ်လွယ်ပါတယ်။ ကော်ဖီအကြမ်းမှုန့်မှာပါဝင်တဲ့ ကဖင်းနဲ့ အင်တီအောက်စီးဒင့်က ဒီပြဿနာတွေကို  ဖြေရှင်းပေးပါလိမ့်မယ်။ ကော်ဖီအကြမ်းမှုန့်ကို အုန်းဆီနဲ့ပဲရောနှောပြီး ၁၀မိနစ်လောက်ထားကာ ပြန်လည်ဆေးကြောပေးပါ။ တစ်ပါတ်ကို ၄ ကြိမ်လောက်အထိ လုပ်ပေးလို့ရပါတယ်။

၈။ ပရိဘောဂတွေကိုလည်း သစ်လွင်စေမယ်

သစ်သားပရိဘောဂတွေဟာ ကြာလာတဲ့အခါ ခြစ်ရာတွေ အစင်းတွေနဲ့ ကြည့်ရဆိုးလာတတ်ပါတယ်။ ဒီလိုအခြေအနေမှာ ဖျော်ပြီးသားကော်ဖီမှုန့်တွေကို ရေနဲ့ ခပ်ပျစ်ပျစ်လေးရောပြီး အစင်းရာရှှိတဲ့နေရာတွေအပေါ် မံထားပေးပါ။ ၁၀ မိနစ်လောက်နေတဲ့အခါ အဝတ်စလေးနဲ့ ပွတ်လိုက်ရင်တော့ ခြစ်ရာတွေ နဲ့ အစင်းတွေ ကင်းဝေးပြီး ပြန်လည်သစ်လွင်လာတော့မှာ အသေအချာပဲပေါ့. . .။

ကဲ. . . ကော်ဖီမှုန့်ကို ဖျော်သောက်လေ့ရှိတဲ့သူတွေ ဒီနေ့ကစပြီး သောက်ပြီးသား ကော်ဖီမှုန့်တွေကို မလွှင့်ပစ်နဲ့တော့နော်။

writer - June Nine Aung

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။