(၉)နှစ်အရွယ် ကျောင်းသူလေးကို (၁)ရက်ကြာအောင် ခိုးယူပြီး အဓမ္မပြုကျင့်မှု မန္တလေးမှာဖြစ်ပွား

ပြီးခဲ့တဲ့ ဇူလိုင်လ (၁)ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်တိုက်နယ်၊ ကတ္တီပါကျေးရွာမှာ အသက်(၉)နှစ် အရွယ်သာရှိသေးတဲ့ အသက်မပြည့်သေးသော ကျောင်းသူလေးတစ်ဦးကို တရားခံမှ ဆိုင်ကယ်ဖြင့်တင်ဆောင်ကာ (၁)ရက်ကြာ ခိုးယူ သားမယားပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဉ်အကျဉ်းချုပ်မှာ ရွှေကြက်ယက်တိုက်နယ်၊ ကတ္တီပါကျေးရွာမူလတန်းကျောင်းမှာ ပညာသင်ကြားလျှက်ရှိတဲ့ မ ……………… အား ဇူလိုင် (၁)ရက်နေ့က ကျောက်ချောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေ အသက်(၂၇)နှစ်အရွယ် တရားခံ …………………… မှ ကျောင်းဆင်းချိန်တွင် ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားကြောင်း၊ မဟာအောင်မြေမြို့နယ် (၂၂)လမ်းပေါ်သို့ ခေါ်ဆောင်သွားပြီး ၎င်း၏ မွေးစားအဖေဖြစ်သူထံမှ ငွေကျပ် (၂)သောင်းကျပ် တောင်းခံရန် စောင့်ဆိုင်းခဲ့ကြောင်း၊ မ ……………… က အိမ်ပြန်ပို့ပေးရန်ပြောသည့်အခါ တရားခံ …………………… မှ ဆိုင်ကယ်ဆီမရှိခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များရှိနေခြင်းတို့ကြောင့် မနက်မှ ပြန်ပို့ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

ည (၈)နာရီအချိန်ခန့် ရောက်သောအခါ တရားခံ …………………… မှ ပိတ်ထားတဲ့ လမ်းဘေးထမင်းဆိုင်တွင် ညအိပ်ခဲ့ပြီး မ ……………… အား သားမယားပြုကျင့်ခဲ့ကြောင်း၊ အဲ့နောက် ဇူလိုင် (၂)ရက်နေ့ နံနက် (၅း၃၀)အချိန် တရားခံ …………………… မှ မ ……………… အား ဆိုင်ကယ်ဖြင့် အိမ်ပြန်လည်ပို့ဆောင်စဉ် အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာအနီး ကားလမ်းမပေါ်တွင် မ ……………… အား လိုက်လံရှာဖွေနေသူများနဲ့ တွေ့ဆုံကာ မြို့နယ် အမျိုးသမီးရေးရာမှ တာဝန်ရှိသူများ၊ စံရွေးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်များ ပါဝင်တဲ့ အဖွဲ့က တရားခံ …………………… အား အမရပူရ မြို့မရဲစခန်းသို့ အပ်နှံခဲ့တယ်လို့ သိရပါတယ်။ ခိုးယူအဓမ္မပြုကျင့်ခံရသူ မ …………….. ကိုလည်း အမရပူရမြို့နယ် ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးစစ်မှုခံယူစေခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရပါတယ်။

 “ တရားခံ အောင်အောင်ဟာ ကျပန်းအလုပ်သမားတစ်ဦးဖြစ်ပြီး အရမပူရမြို့နယ်၊ ရွှေကြက်ယက် ဆီဆိပ်ကမ်းမှာ နေ့စား အလုပ်သမားအဖြစ် လွန်ခဲ့တဲ့ (၂)နှစ်ခန့်က ဝင်ရောက်လုပ်ကိုင်ခဲ့သူလည်း ဖြစ်တယ်။ ဒါ့အပြင် တရားခံဟာ တရားလို မိန်းကလေးရဲ့ မိခင်ဖြစ်သူဆီမှာ ထမင်းကို လပေးနဲ့ စားရင်း တဖြည်းဖြည်း ရင်းနှီးလာခဲ့သူတစ်ယောက်ဖြစ်တာကြောင့် အခုလို ကျောင်းဆင်းချိန်မှာ လာခေါ်တာကို လိုက်ပါသွားခဲ့တာ ဖြစ်တယ် ” လို့ အမရပူရမြို့မစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာတော့ တရားခံ ……………………. ကို  (ပ)၄၈၁/၂၀၁၉ ရာဇာသတ်ကြီးဥပဒေ ၃၇၆/၅၁၁ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။

Source; Win Moe / Sai Htoo Khane 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။