
အိမ်ထောင်သက် ၂၃ နှစ်ကြာမှ လင်မယားနှစ်ယောက်လုံး ဂေးဖြစ်နေကြောင်း သိလိုက်ရတဲ့အဖြစ်
Bruce Downer ဆိုတဲ့ အမျိုးသားဟာ အိမ်ထောင်သက် ၂၃ နှစ်ကြာပြီးနောက်မှာ Gay တစ်ယောက်အဖြစ် ဖွင့်ဟ ဝန်ခံပြီး ဇနီးသည်နဲ့ ကွာရှင်းလိုက်ပါတယ်။ အဲဒီနောက်မှ သူသိလိုက်ရတာက သူ့ရဲ့ဇနီးသည်ကလည်း Lesbian ဖြစ်ပြီး သူတို့နှစ်ဦးမွေးဖွားခဲ့တဲ့သားအငယ်ဆုံးကလည်း Gay ဖြစ်နေတယ် ဆိုတာပါပဲ။
ဆယ်စုနှစ်များစွာ သိုဝှက်ထားတဲ့ ဒီကိစ္စကို ဖွင့်ဟလိုက်ပြီးနောက်ပိုင်းမှာ ပိုပြီးပျော်ရွှင်လာတယ်လို့ Bruce က ဆိုပါတယ်။ “ကျွန်တော် မိန်းမတစ်ယောက်နဲ့ အိမ်ထောင်သက် ၂၃ နှစ်ကြာအတူနေထိုင်ခဲ့ရတယ်။ အခုတော့ လွတ်မြောက်သွားပါပြီ။ နောက်ဆုံးတော့ ကျွန်တော့်မနှစ်သက်တဲ့ ဘဝကြီးကို ရဲရဲကြီး ပြင်ဆင်လိုက်နိုင်ပြီ။ အလိမ်အညာတွေနဲ့ ဆက်မနေချင်တော့ဘူး။ ကျွန်တော့်ဘဝအစစ်အမှန်နဲ့ပဲ နေထိုင်ချင်တော့တယ်။” လို့ Bruce က ဖြေကြားထားပါတယ်။
၂၀၁၇ မှာ Bruce ဟာ အမျိုးသမီးနဲ့ကွာရှင်းခဲ့ပါတယ်။ အဲလိုကွာရှင်းပြီးနောက်မှာပဲ သူ့ရဲ့ဇနီးဟောင်းကလည်း Lesbian ဖြစ်ကြောင်း သိလိုက်ရပါတယ်။ အခုဆို သူမဟာ တခြား အမျိုးသမီးတစ်ယောက်နဲ့တောင် စေ့စပ်ပြီးပါပြီ။ “ကျွန်တော် ဂေးနေတာလည်း သူမ မသိသလို၊ သူမဂေးနေတာလည်း ကျွန်တော်မသိခဲ့ပါဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ အိမ်ထောင် သက်တမ်း ၂၃ နှစ်ကြာခဲ့တယ်” လို့ Bruce က ဆိုပါတယ်။
အဖေရဲ့ဗီဇက သားဆီ ကူးစက်သွားတယ်ထင်ပါရဲ့။ သားအငယ်ဆုံး Tyler ကလည်း သူ့အဖေ ဖွင့်ဟပြီး သိပ်မကြာခင်မှာပဲ သူလည်း ဂေးတစ်ယောက်ဖြစ်ကြောင်း မိဘတွေကို ဖွင့်ပြောခဲ့ပါတယ်။ Tyler ဟာ သူ့အဖေဂေးနေတယ်ဆိုတာကို အစောကြီးကတည်းက ရိပ်မိခဲ့တယ်လို့လည်း ဆိုပါတယ်။ Tyler မှာတော့ ၂၄ နှစ်အရွယ် အကိုတစ်ယောက်ရှိပါတယ်။ သူကတော့ Straight ပါ။
၂၀၁၉ Pride Month မှာ ကျင်းပတဲ့ LGBTQ ပွဲတော်မှာတော့ သားအဖနှစ်ယောက် အတူပွဲတက်ခဲ့ကြပါတယ်။ ဇနီးသည်နဲ့ကွာပြီးနောက်မှာ Single ပြန်ဖြစ်သွားတဲ့ Bruce တစ်ယောက်ဟာ ခုတော့ ချစ်သူကို လိုက်ရှာနေပါတယ်။ “ကျွန်တော်အခု အရမ်းပျော်တယ်။ ကျွန်တော့်ရဲ့ဖြစ်တည်မှုကိုလည်း ကျွန်တော်ချစ်တယ်။ ကျွန်တော်အခု ကျွန်တော့လိုလူတွေနဲ့အတူ ပွဲကို နွှဲပျော်နေပါတယ်။ ကျွန်တော်အရမ်းကို ဂုဏ်ယူမိတယ်” လို့လည်း ပြောထားပါသေးတယ်။
Ref; va.news-republic.com
By Paulina
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။