ခရစ်အီဗန်နဲ့ ဒန်နီရယ်ခရိတ်တို့ ပါဝင်တဲ့ Knives Out ရုပ်ရှင်ရဲ့ trailer ထွက်ရှိ

၂၀၁၉ ခုနှစ်အတွင်းမှာ ရုံတင်ပြသမယ့် Knives Out ဟာ လျို့ဝှက်သည်းဖိုဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး လာမယ့် နိုဝင်ဘာလမှာ ပွဲထုတ်ပြသသွားမှာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ အဲဒီဇာတ်လမ်းမှာ ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသားတွေဖြစ်ကြတဲ့ လက်ရှိဂျိမ်းစ်ဘွန်းမင်းသားကြီး ဒန်နီရယ်ခရိတ် (Daniel Craig) နဲ့ ကပ္ပတိန်အမေရိကမင်းသားချော ခရစ်အီဗန်တို့အတူ တွဲဖက်ပါဝင်ထားတာပါပဲ။ အဲဒီဇာတ်လမ်းရဲ့နမူနာလည်း ထွက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။


အမေရိကန်ဒါရိုက်တာ Rian Johnson ရေးသားရိုက်ကူးထားတဲ့ အဲဒီ Knives Out ရုပ်ရှင်မှာ ခရိတ်က စုံထောက် Benoit Blanc အဖြစ် ပါဝင်ထားပြီး ခရစ်အီဗန်ကတော့ လူသေမှုဖြစ်ခဲ့တဲ့ မိသားစုဝင်တွေထဲက ခပ်ပေါ့ပေါ့ပျက်ပျက် လူတစ်ယောက်ဖြစ်တဲ့ Ransom Thrombrey အဖြစ် သရုပ်ဆောင်ထားပါတယ်။ အဲဒီ ဇာတ်လမ်းဟာ မိသားစုတွေ့ဆုံပွဲကြီးမှာ မိသားစုအကြီးအကဲဖြစ်သူ သေဆုံးမှုကြောင့် ဖရိုဖရဲဖြစ်သွားခဲ့ပြီး စုံထောက် Blanc က အဲဒီအမှု ကိုယ်တွယ်ပုံကို စိတ်ဝင်စားစရာ ကောင်းစွာ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။


အဲဒီဇာတ်လမ်းမှာ နာမည်ကျော် ဒုစရိုက်ဝတ္ထုစာရေးဆရာကြီး Harlan Thrombey ဟာ သူရဲ့ ၈၅ နှစ်မြောက် မွေးနေ့ပွဲမှာ ထူးဆန်းစွာ သေဆုံးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ စုစည်းရောက်ရှိနေတဲ့ Thrombey ရဲ့ မိသားစု ဆွေမျိုးတွေဟာ အဲဒီအမှုရဲ့ သံသယရှိသူတွေ ဖြစ်သွားခဲ့ပါတယ်။ အဲဒီအမှုကို စုံစမ်းစစ်ဆေးမယ့်သူကတော့ ခရိတ်သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင် စုံထောက် Blanc နဲ့ သူ့အဖော်စုံထောက်တို့ပါပဲ။


Knives Out မှာ ဒန်နီရယ်ခရိတ်၊ ခရစ်အီဗန်တို့နဲ့အတူ နာမည်ကျော်ဟောလိဝုဒ်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Ana de Armas, Jamie Lee Curtis, Don Johnson, Michael Shannon, မင်းသမီးချောလေး Katherine Longford နဲ့ Lakeith Stanfield တို့လည်း အားဖြည့်ပါဝင်ထား ပါတယ်။


Knives Out ရုပ်ရှင်သစ်မှာ ခရိတ်ကို သူနဲ့လိုက်ဖက်တဲ့ ထက်မြတ်တည်ငြိမ်တဲ့ စုံထောက်ဇာတ်ရုပ်မျိုးကနေပဲ တွေ့မြင်ရမှာပါ။ ဒါပေမဲ့ ခရစ်အီဗန်ကိုတော့ သူအရင်က သရုပ်ဆောင်ခဲ့ဖူးတဲ့ ကပ္ပတိန်အမေရိကလို တည်ငြိမ် ခံ့ညားတဲ့ ဇာတ်ရုပ်မျိုးနဲ့ ကွဲထွက်ပြီး ခပ်ပေါ့ပေါ့အနေအထိုင်နဲ့ ခပ်ရိုင်းရိုင်းစကားတွေ ပြောဆိုတတ်တဲ့ လူရှုပ် တစ်ယောက်ရဲ့ ဇာတ်ရုပ်မျိုးအဖြစ် တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကပ္ပတိန်အမေရိကနဲ့ ခရစ်အီဗန် ရဲ့ ပရိသတ်တွေအတွက်တော့ အနည်းနဲ့အများ အမြင်ဆန်းပြားနေမှာ သေချာပါတယ်။


by Cherry Mon
Ref; Huff Post, Variety, Wikipedia

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။