သမီးလေး Victoria လေးအတွက် တရားမျှတမှုရရှိဖို့ ရန်ကုန်မြို့မှာ စတင်ဆန္ဒပြတော့မည်

သမီးလေး Victoria ရဲ့ အမှုကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လူအများစိတ်ဝင်စားနေကြပြီး အမှုအမှန်အမြန်ဆုံး ပေါ်ပေါက်နိုင်ရန်လည်း ပြည်သူများနဲ့ အနုပညာရှင်အသိုင်းအဝိုင်းက ဝန်းရံပြီး ကြိုးပမ်းနေကြပါတယ်။ ဒါ့အပြင် Victoria လေးရဲ့ အမှုမှန်ပေါ်ပေါက်နိုင်အောင် လှုပ်ရှားလှုံဆောင်မှုတွေရှိတဲ့အပြင် ဆိုရှယ်မီဒီယာတွေမှာလည်း အားလုံး ကူညီတွန်းအားပေးဖို့ တိုက်တွန်းနေကြပါတယ်။ 

လက်ရှိမှာတော့ Victoria လေးရဲ့ အမှုကို မှုခင်းသတင်းဌာန CID မှ လွှဲပြောင်းရယူထားပြီး အချိန်အားဖြင့် (၁)လခွဲကြာသည့်တိုင်အောင် အမှုမှန်နဲ့ တရားခံကို ဖော်ထုတ်နိုင်ခြင်းမရှိသေးတဲ့အတွက် ပြည်သူများစွာ အားမလိုအားမရဖြစ်နေကြပါတယ်။ မကြာသေးခင်လည်း မှုခင်းသတင်းဌာန CID အနေနဲ့ Wisdom Hill တွင်ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းကိစ္စနဲ့ ပတ်သက်ပြီး အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက “ အခုဖြစ်နေတဲ့ အမှုဟာ ထင်သလောက် မရိုးစင်းဘူး ” လို့ မီဒီယာတစ်ခုကို ဖြေကြားခဲ့ဖူးပါတယ်။ ဒါ့အပြင် လူမှုကွန်ယက်ပေါ်မှာ တရားခံလို့ သတ်မှတ်ထားကြတဲ့ ကျောင်းသား ကလေးနှစ်ဦးရဲ့ DNA ဟာလည်း ကိုက်ညီမှုမရှိဘူးဆိုတဲ့ အဖြေကြောင့် ၎င်း DNA ဟာ ပိုင်ရှင်မဲ့ DNA ဖြစ်နေပြန်ပြီလားဆိုတဲ့ မေးခွန်းထုတ်စရာတွေလည်း ဖြစ်လာခဲ့ပြန်ပါတယ်။

အခုတစ်ခေါက်မှာတော့ သမီးလေး Victoria အတွက် အမှုမှန်ပေါ်ပေါက်စေရေးနဲ့ နောက်ထပ် Victoria လေးတွေ ထပ်မံပေါ်ပေါက်မလာဖို့ လာမယ့် ဇူလိုင် (၆)ရက် (စနေနေ့)မှာ ပထမဦးဆုံးအကြိမ် ရန်ကုန်မြို့မှာ စတင်ဆန္ဒပြတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ဦးဆောင်သူ (၃)ဦးမှ အခုလို ပြောထားပါတယ်။

“ ကျွန်တော်တို့ Victoria (ဗစ်တိုးရီးယားလေး) အတွက် (ဇူလိုင် (၆)ရက် ၂၀၁၉) စနေနေ့မှာ ဆန္ဒပြပါမယ်။ သာမန်ပြည်သူ တစ်ယောက်အနေနဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း တရားမျှတမှုကို မြှင့်တင်ပြီး ကလေးမိဘများအနေဖြင့် နောက်ထပ် ဗစ်တိုးရီးယားတွေ ထပ်မံမပေါ်ပေါက်လာစေဖို့အတွက်ပဲ အဓိကရည်ရွယ်ပါတယ်။ ကျွန်တော်တို့သည် မည်သည့်အသင်းအဖွဲ့၊ နိုင်ငံရေးပါတီကိုမျှ ကိုယ်စားပြုခြင်းမရှိပါ။ တနည်းအားဖြင့် ပြောရလျှင် မည်သည့်နိုင်ငံရေးအရောင်မျှမပါပါ။

ဆန္ဒဖော်ထုတ်ခြင်းနဲ့ ပတ်သက်တဲ့ ရည်ရွယ်ချက်တွေကတော့ ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှုရရှိရေး၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးရေး၊ နောက်ထပ်ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်စေရေး၊ ကျွန်တော်တို့ မျိုးဆက်အတွက် လွတ်လပ်လုံခြုံစိတ်ချရတဲ့ လူ့အဖွဲ့အစည်းတခုကို ဖန်တီးနိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်မှာဘဲ ဖြစ်ပါတယ်။

စုရပ်

ကျောက်တော်ကြီးဘုရား၊ မင်းဓမ္မကုန်း၊ အင်းစိန်၊ ရန်ကုန်။ (အင်းစိန်စီအိုင်ဒီ (CID) ရုံးရှေ့သို့ ချီတက်မည်ဖြစ်သောကြောင့် ကျောက်တော်ကြီးဘုရားကို စုရပ်အဖြစ်ထားရှိရခြင်းဖြစ်ပါသည်)။

နေ့ရက်

၂၀၁၉ ခုနှစ် ဇူလိုင်လ (၆) ရက်၊ စနေနေ့။

အချိန်

နံနက် (၉ ) နာရီ။

ချီတက်မည့်လမ်းကြောင်း

ကျောက်တော်ကြီးဘုရားမှ အင်းစိန်စီအိုင်ဒီရုံး (အင်းစိန်ရွာမရှေ့ရပ်ကွက်၊ ရုံးကြီးမှတ်တိုင်)

ဆောင်ရန် ရှောင်ရန်များ

လိုက်ပါမည့်လူပုဂ္ဂိုလ်များသည် အောက်ပါတို့အား ဆောင်ရန် ရှောင်ရန်အဖြစ် လေးစားလိုက်နာရန် မေတ္တာရပ်ခံအပ်ပါသည်။

(က) ဆောင်ရန်

- ကလေးသူငယ်တိုင်း၏အခွင့်အရေးကို လေးစားလိုက်နာရန်၊

- တည်ဆဲဥပဒေများအား လေးစားလိုက်နာရန်၊

- ရုန်းရင်းဆန်ခတ်မှု၊ အကြမ်းဖက်မှုများမပေါ်ပေါက်အောင် ထိန်းသိမ်းဆင်ခြင်ရန်၊

- အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ အင်္ကျီအဖြူရောင်ကိုသာလျှင် ဝတ်ဆင်လာရန်။

(ခ) ရှောင်ရန်

- လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတခုခုကို ပုဂ္ဂိုလ်ရေးဆန်ဆန်တိုက်ခိုက်ခြင်း။

- အဖွဲ့အစည်းတခုဖြစ်စေ၊ နိုင်ငံရေးပါတီတခုဖြစ်စေ ကိုယ်စားပြုခြင်း။

- မလိုလားအပ်သောကြွေးကြော်မှုများ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ မအော်ဟစ်ရန်။

ဆောင်ပုဒ်များ

အောက်ဖော်ပြပါဆောင်ပုဒ်များကိုသာလျှင် ကိုင်ဆောင်၍ ဆန္ဒပြပါမည်။

- ဗစ်တိုးရီးယားအတွက် တရားမျှတမှုကို ရှာဖွေပေးပါ။ (Justice for Victoria)

- ကလေးသူငယ်များအတွက်လွတ်လပ်လုံခြုံတဲ့ ပတ်ဝန်းကျင်ကိုဖန်တီးပေးပါ။ (Safe environment for every child)

- နောက်ထပ်ဗစ်တိုးရီးယားများအလိုမရှိပါ။ (No more Victorias)

ကျွန်တော်တို့အနေဖြင့် ခွင့်ပြုမိန့်ရရှိရန် ကြိုးစားနေပါသည်။ ခွင့်ပြုမိန့် ရ/မရဆိုသည်ကို အချိန်မှီအကြောင်းပြန်ပေးပါမည်။ ကျွန်တော်တို့ အနေဖြင့် နိုင်ငံရေးအမြတ်ထုတ်လိုသူများ၊ ကိုယ်ကျိုးရှာလိုသူများ၊ မသမာသူများပါမလာစေရန် အထူးဂရုပြုလုပ်ဆောင်မည်ဖြစ်ပါသဖြင့် တတ်နိုင်သမျှ ပူးပေါင်းပါဝင်ပေးကြပါရန် တောင်းဆိုအပ်ပါသည်ခင်ဗျာ။ ကျွန်တော်တို့ (၃) ယောက်သည် ဤဆန္ဒပြပွဲအား/အပေါ် တာဝန်ယူ တာဝန်ခံစီစဉ်သည့် သာမန်ပြည်သူလူထုများသာလျှင် ဖြစ်ပါသည်။ ဦးဆောင်သူများမဟုတ်ကြပါ။ ထို့ကြောင့် ကျွန်တော်တို့နဲ့ ယုံကြည်ချက်တူသူ ပြည်သူလူထုအား ပူးပေါင်းပါဝင် ဝန်းရံပေးရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား ” ဆိုပြီး ရေးသားထားပါတယ်။

အခုလို သမီးလေး Victoria လေးအတွက် တရားမျှတမှုရရှိဖို့ ရန်ကုန်မြို့ရဲ့ ပထမဦးဆုံး ဆန္ဒပြပွဲကို လိုက်ပါလိုသူများအနေနဲ့လည်း ငြိမ်းချမ်းစွာ ပူးပေါင်းပါဝင်ဖို့ကိုလည်း ပြောထားပါတယ်။ 

Source; Ninzi May FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။