အိမ်ခြေမဲ့တွေကို တစ်နာရီ ၉ ဒေါ်လာနှုန်းနဲ့ အမှိုက်ကောက်စေတဲ့ အမေရိကန်က ပရိုဂရမ်သစ်

တကယ်တမ်းအိမ်ခြေရာမဲ့ဖြစ်နေသူတွေဟာ ကူညီပေးမယ့်သူ ရှားပါးတာကြောင့် သူတို့ဘဝကို သူတို့ကိုယ်တိုင် ရပ်တည်နိုင်ဖို့ ခဲယဉ်း ကြပါတယ်။ အဲဒါကြောင့် အမေရိကန်ပြည်ထောင်စု၊ ကန်ဆပ်စ်ပြည်နယ်က အာကန်ဆပ်စ် မြို့တော်မှာတော့ သူ့တို့ဘဝတွေကို ကူညီကယ်တင်ပေးနိုင်မယ့် အစီစဉ်သစ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။


အဲဒါကတော့ အိမ်ခြေရာမဲ့တွေကို အခကြေးငွေပေးပြီး အမှိုက်ကောက်ဖို့ တာဝန်ပေးတဲ့ အစီစဉ်ပါပဲ။ “Bridge to Work program” (အလုပ်တံတား) လို့ နာမည်ပေးထားတဲ့ အဲဒီစမ်းသပ်အစီအစဉ်မှာ အာကန်ဆပ်စ်မြို့၊ Little Rock မှာ ရှိကြတဲ့ အိမ်ခြေရာမဲ့တွေ ပါဝင်နိုင်ပြီဖြစ်ပါတယ်။ အဲဒီအစီစဉ်မှာ တစ်နေ့ကို အိမ်ခြေမဲ့လူ ၈ ယောက် ပါဝင်ပြီး အခကြေးငွေပေးပြီး အမှိုက်ကောက်ယူစေခဲ့ ပါတယ်။


တစ်နေ့တာအတွက် အရွေးချယ်ခံရတဲ့ အိမ်ခြေမဲ့ ၈ ယောက်ဟာ မတူညီတဲ့ သန့်ရှင်းရေးတာဝန်တွေကို ယူရမှာ ဖြစ်ပါတယ်။ WIFR ရဲ့ အဆိုအရ တစ်နေ့တာကုန်ဆုံးပြီဆိုရင်တော့ အဲဒီအိမ်ခြေမဲ့တွေဟာ တစ်နာရီကို အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၅ ဒေါ်လာ အထိ ရရှိနိုင်ပါတယ်။ အဲဒီနှုန်းထားဟာ အာကန်ဆပ်စ်မှာ အမှိုက် ကောက်ခအဖြစ် ပေးကြတဲ့ အနည်းဆုံးလုပ်ခနှုန်းထား ဖြစ်ပါတယ်။ အဲဒီအပြင် အလုပ်ချိန်မှာ အစားအသောက် လည်း ကျွေးမွေးပါသေးတယ်။


အဲဒီလိုအစီစဉ်မှာ ပါဝင်တဲ့ အိမ်ခြေမဲ့တွေကို လုပ်ခပေးချေဖို့အတွက် Little Rock ရဲ့ ပြည်သူ့လုပ်အားဌာန ကနေ မတည်ငွေ အမေရိကန် ဒေါ်လာ ၈ သောင်း ထုတ်ပေးထားတာ ဖြစ်ပါတယ်။ “Bridge to Work” ပရိုဂရမ် ဟာ ၆ လကြာမြင့်မယ့် စမ်းသပ် အစီစဉ်တစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီ ၁ ရက်ကနေ စတင်ခဲ့ကာ လာမယ့် စက်တင်ဘာ ၂၇ ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ အဲဒီပရိုဂရမ်ကို Canvas Community Church ကနေ ဖန်တီးလုပ်ဆောင်ခဲ့တာပါ။


အဲဒီအစီစဉ်မှာ ပါဝင်နေတဲ့ အိမ်ခြေမဲ့ ၈ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အလက်ဇန္ဒားဝီလီယမ်က ဒီပရိုဂရမ်ဟာ သူ့ကို မြို့တော်ကောင်စီနဲ့ အလုပ်လုပ်ဖို့ အလုပ်တစ်ခုရရှိအောင် ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ခံစားမိကြောင်း ထုတ်ပြောခဲ့ပါတယ်။ ဝီလီယမ်ဟာလည်း တခြားအိမ်ခြေမဲ့တွေလိုပဲ ဒီစမ်းသပ်အစီစဉ်ပြီးတဲ့ နောက်မှာ အချိန်ပြည့်အလုပ်အကိုင်ရရှိဖို့ မျှော်လင့်နေပါတယ်။ “ကျွန်တော့်ဘဝကို ပြောင်းလဲဖို့ အခြေခံကျကျ ကြိုးစားနေပါတယ်” လို့လည်း ဝီလီယမ်က ဆိုပါတယ်။


နောက်ထပ်ပါဝင်သူ အိမ်ခြေမဲ့တစ်ယောက်ဖြစ်တဲ့ ဟာရိုးဂွတ်ဒ်လိုးဂျူနီယာကလည်း “ဒါက ကောင်းပါတယ်။ ကျွန်တော်အလုပ်လုပ်ပြီး ပိုက်ဆံပြန်ရတယ်။ ကျွန်တော့်သားအတွက် စံမူနာတစ်ခုပါပဲ” လို့ အဲဒီပရိုဂရမ်နဲ့ ပတ်သက်တဲ့ သူ့ရဲ့ခံစားချက်ကို ထုတ်ပြောပြခဲ့ပါတယ်။


အဲဒီပရိုဂရမ်အတွက် တာဝန်ရှိသူတစ်ယောက်ကလည်း ဒီအစီအစဉ်ရဲ့ရည်ရွယ်ချက်ဟာ အိမ်ခြေမဲ့တွေကို တစ်နေ့တာအလုပ်ပေးပြီး တစ်နေ့တာလုပ်အားခပေးရုံ သက်သက်မဟုတ်ဘဲ သူတို့အတွက် အချိန်ပြည့်အလုပ် ရရှိမယ့် အခွင့်အလမ်းအတွက် မျှော်လင့်ချက်ရှိ လာအောင် ဒါမှမဟုတ် ပိုကောင်းတဲ့ခြေလှမ်းတစ်ခု ဖြစ်လာစေ ချင်တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ အဲဒီအစီစဉ်သာ တကယ်တမ်း အောင်မြင်လာမယ်ဆိုရင် အနာဂတ်မှာ များစွာသော တခြားအိမ်ခြေမဲ့တွေအတွက် ဘဝတစ်ဆင့်မြင့်လာဖို့ မျှော်လင့်ချက်ရောင်ခြည် သန်းလာမှာ သေချာပါတယ်။


နိုင်ငံတိုင်း၊ ဒေသတိုင်းမှာ အိမ်ခြေမဲ့တွေ အမြောက်အမြားရှိနေတာကြောင့် အဲဒီလိုမျိုး သူတို့အတွက် ပရိုဂရမ်တွေ လုပ်ဆောင်ပေးမယ် ဆိုရင် သူတို့တွေရဲ့ဘဝအနာဂတ် တိုးတက်ပြောင်းလဲလာနိုင်သလို နိုင်ငံနဲ့ နိုင်ငံသား တွေရဲ့ ရှေ့အလားအလာလည်း ပိုကောင်းလာနိုင်ချေ ရှိပါတယ်။


by Cherry Mon
Ref; Good Times

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။