အလှူခံတာ တစ်ရက် (၂)သောင်းမရလို့ ဂေါ်ပြားနဲ့ ခေါင်းရိုက်ခွဲခံလိုက်ရတဲ့ သီလရှင်လေး

ယနေ့ခေတ်မှာ အသက်အရွယ်နဲ့မလိုက်အောင် အတင်းအဓမ္မခိုင်းစေပြီး အလိုမကျရင် ကျွဲလို နွားလို ရိုက်နှက်ခံရတဲ့ကလေးတွေ ဒီကမ္ဘာပေါ်မှာ အများကြီးရှိနေသလို ကျနော်တို့နေထိုင်နေတဲ့ မြန်မာနိုင်ငံမှာလည်း ရှိပါတယ်။ အခုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ မြို့ကြီးပြကြီးတွေမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို လမ်းဘေးမှာ တောင်းရမ်းခိုင်းတာ၊ ကားဂိတ်တွေမှာ တောင်းရမ်းခိုင်းတာတွေအပြင် မယ်သီလရှင် ဝတ်စုံကို ဝတ်ဆင်ခိုင်းပြီး တောင်းရမ်းခိုင်းတာတွေလည်း ရှိပါတယ်။ ဒါ့အပြင် လတ်တလောမှာ သီလင်ရှင်လေးတွေကို အရင်ကလို ဈေးဆိုင်တွေမှာ လိုက်လံတောင်းရမ်းခိုင်းတာမျိုး မဟုတ်တော့ဘဲ တိုက်ခန်းတွေအထိ တံခါးခေါက်ပြီး တောင်းရမ်းခိုင်းတဲ့ အဆင့်ရှိနေပါပြီ။

အဲ့လို သာသနာ့အရေချုံပြီး ဘုန်းကြီးအတုအယောင်၊ သီလရှင်ကြီးအတုအယောင်နဲ့ စာသင်ခန်းထဲရှိနေရမယ့်အစား နေပူမိုးရွာ အတင်းခိုင်းစေခံရတဲ့ သီလရှင်လေးတွေကို  မြန်မာနိုင်ငံ သံဃာ့နာယကအနေနဲ့ ဘယ်လိုတာဝန်ယူမလဲဆိုတာကတော့ စဉ်းစားစရာပါဘဲ။

အခုလည်း အလှူခံတာ တစ်ရက် (၂)သောင်းမရလို့ သီလရှင်ငယ်လေးတစ်ဦး ခေါင်းကို ဂေါ်ပြားနဲ့ ရိုက်ခွဲခံလိုက်ရတယ်ဆိုတဲ့ အကြောင်းကို လူမှုကွန်ယက်သုံးစွဲ Aung Thit Lwin Acc တင်ထားတာကို တွေ့ရပါတယ်။ “ အလှူခံခိုင်းတာ တစ်နေ့ နှစ်သောင်းကျပ်မရလို့ဆိုပြီး အုပ်ထိန်းသူ သီလရှင်က ဂေါ်ပြားနဲ့ ရိုက်တာ။ ချော့မယ့်သူမရှိ ကိုယ့်ဘာသာကိုယ် ကြိတ်ငိုခဲ့ရတဲ့ ကလေးလေး။ ဒါမျိုးမဖြစ်အောင် ဘယ်သူက အကာအကွယ်ပေးနိုင်ခဲ့လဲ။ ဒီဒဏ်ရာနဲ့ အလှူထွက်ခံနေရတဲ့ ကလေးနေရာကို ဝင်ကြည့်။ ဘယ်မလဲ ကလေးငယ်ကို ကာကွယ်နိင်တဲ့ ဥပဒေ။ မဖြစ်အောင်တားဆီးနိုင်တဲ့ အခင်းအကျင်းဘယ်မလဲ။ လူတွေက ဥပဒေကို နားလည်လွန်းလို့ ထောက်ပြဝေဖန်နေကြတာ မဟုတ်ဘူး။ တရားမျှတမှုကို ဖော်ဆောင်ပေးဖို့ တောင်းဆိုနေတာ။ ယုတ္တိမရှိတာတွေ မြင်နေတွေ့နေရလို့ တည့်မတ်ပေးဖို့ ဝိုင်းအော်နေတာ။

ဥပဒေရဲ့ အကာအကွယ်မရတဲ့ အခြေအနေတွေကို ပြောင်းလဲပေးဖို့ တာဝန်ရှိသူတွေက ဦးဆောင်ပြီး ဖော်ဆောင်စေချင်တာပါ။ ဒီနေ့က လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ ကလေးငယ်အတွက် အမှန်တရားပေါ်ပေါက်ဖို့ လူတွေ ရာထောင်ချီ ဆန္ဒထုတ်ဖော်တောင်းဆိုနေချိန်မှာ ကလေးငယ်နှစ်ယောက်ဟာ နှိပ်စက်ရိုက်နှက်ခံရတဲ့ ဒဏ်ရာနဲ့ အလှူခံထွက်ပေးနေရတဲ့ ဒီနိုင်ငံမှာ စာအုပ်ထဲက ဥပဒေဆိုတာတွေကို လက်တန်းရွတ်ပြပြီး အချို့သောတာဝန်ရှိသူတွေရဲ့ အလွဲတွေကို မသိကျိုးကျွံမပြုသင့်ပါဗျာ ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။

အခုလို အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို လူမှုကူညီရေးအသင်းများနဲ့ မိဘမဲ့ဂေဟာများက ဘယ်လောက်ပဲ လက်ခံတယ်ပြောပြော ဆက်လက်ပြီး အတင်းအဓမ္မ ခိုင်းစေခံနေရတာတွေ ရှိနေပါသေးတယ်။ ဒီတော့ ပရိသတ်ကြီးလဲ ကိုယ့်ပတ်ဝန်းကျင်မှာ အမြင်မတော်တာများရှိရင် လူသားချင်းစာနာတဲ့ စိတ်လေးနဲ့ ကူညီရိုင်းပင်းလိုက်ပါဦးလို့ အကြုံပြုပါရစေ။

Source; Aung Thit Lwin FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။