
ရှိသမျှအကုန်ရောင်းချပြီး ကြောင်လေးနဲ့အတူ ခရီးထွက်ခဲ့သူ
လူတိုင်းက စိတ်ဖိစီးမှုတွေ များလာတဲ့အခါ အကုန်ပစ်ချပြီး အဝေးဆုံးကို ပြေးထွက်သွားချင်စိတ်တွေ ဖြစ်လာတတ်ကြပါတယ်။ ဒါပေမဲ့လည်း တကယ်ပစ်ချပြီး ထွက်သွားဖို့ ဆိုတာတော့ မလွယ်ကူတဲ့ကိစ္စပါ။ ဘယ်လိုအခက်အခဲတွေပဲ ရှိပါစေ ထွက်မပြေးဘဲ ဆက်လက်တိုက်ခိုက်ရမယ်ဆိုတဲ့ ပုံသေကားချပ်ကြီးအတိုင်း လိုက်နာကြတဲ့သူကများပါတယ်။
Richard East ဆိုတဲ့သူကတော့ အဲဒီ ပုံသေကားချပ်ကြီးထဲက ရုန်းထွက်ရဲတဲ့ သတ္တိမျိုး ရှိခဲ့ပါတယ်။ အလုပ်ကထွက်တယ်၊ အိမ်ကိုရောင်းပစ်တယ်၊ သူ့ရဲ့ကြောင်လေး Willow နဲ့အတူ ဗန်ကားတစ်စီးနဲ့ သြစတျေးလျကို ခရီးထွက်ခဲ့ပါတယ်။ သူ့ရဲ့ ခရီးသွား ဘလော့ကို Van Cat Meow လို့လည်း နာမည်ပေးထားပါတယ်။
ခရီးသွားဗန်ကားလေးကို Richard ဟာ သူ့စိတ်တိုင်းကျ အိမ်လေးတစ်လုံးသဖွယ် ပြင်ဆင်ထားပါတယ်။ ခရီးတွေ အများကြီး သွားရအုံးမှာ ဖြစ်တဲ့အတွက် ဘယ်ပစ္စည်းကိုတော့ ယူမယ်၊ ဘယ်ပစ္စည်းကိုတော့ စွန့်ပစ်မယ်ဆိုတာ တစ်ယောက်တည်း ဆုံးဖြတ်ရပါတယ်။ ဗန်ကားသေးသေးလေးထဲမှာ အိမ်တစ်လုံးစာပစ္စည်းတွေတော့ ထည့်လို့မရနိုင်ဘူး မဟုတ်လား။
ဘယ်အရာကို စွန့်ပစ်ရမယ်ဆိုတာကို စည်းမျဉ်းတစ်ခုတည်းနဲ့ သူဆုံးဖြတ်ပါတယ်။ သူ့အတွက် အသုံးမဝင်ဘူး၊ သူ့ကိုလည်း ပျော်ရွှင်မှု မပေးနိုင်ဘူးဆိုရင် အဲ့ပစ္စည်းကို စွန့်ပစ်ပါတယ်။ ခရီးသွားတာ များလာတာနဲ့အမျှ အရာတော်တော်များများကို သူမလိုအပ်ဘူးဆိုတာ သူနားလည်လာခဲ့ပါတယ်။
အရင်ကတော့ ရှေ့ရေးအတွက် ကြိုတွေးပြီး စိတ်ပူတာတွေ ရှိခဲ့ပါတယ်။ အလုပ်ကထွက်၊ အိမ်ကိုလည်း ရောင်းချခဲ့ပြီးတဲ့ နောက်မှာတော့ အရာရာက သူ့အတွက် ပိုပြီး လက်တွေ့ကျလာခဲ့ပါတယ်။ အပိုစာသားတွေ မပါဘဲ ပိုပြီး အသုံးဝင်တဲ့ နေထိုင်မှု ပုံစံမျိုးကို ပြောင်းလဲသွားခဲ့ပါတယ်။ အိမ်ရာတွေရှင်းဖို့၊ မီးဖိုခန်းကို ရှင်းဖို့ မလိုတော့တဲ့အတွက် အချိန်ပိုတွေလည်း ထွက်လာခဲ့ပါတယ်။
သူ့မှာ ရှိသမျှအားလုံး စွန့်ပစ်ခဲ့ပေမယ့် သူမစွန့်ပစ်နိုင်တာကတော့ သူ့ရဲ့ကြောင်မလေး Willow ပါပဲ။ Willow ကို သူဟာ မွေးစားထားတာဖြစ်ပါတယ်။ Willow ဟာ အရင်ကတည်းက အပြင်ဖက် ပတ်ဝန်းကျင်နဲ့ နေသားကျပြီးသား ဖြစ်တဲ့အတွက် Richard နဲ့အတူ ခရီးသွားဖို့ လွယ်ကူခဲ့ပါတယ်။
သခင်နားတစ်ချိန်လုံး ကပ်နေတတ်တာမျိုးမဟုတ်ဘဲ တစ်ခါတလေ တစ်ကောင်ထဲ အလည်ထွက်နေတတ်ပါသေးတယ်။ ဒါကြောင့် Richard ဟာ Willow ရဲ့လည်ပင်းမှာ ခြေရာခံစက်လေး တပ်ထားရပါတယ်။ “Willow ဟာ တွေ့ဖူးသမျှထဲမှာ အကောင်းဆုံး ခရီးသွားဖော်ဘဲ” လို့ Richard က ဆိုပါတယ်။
သြစတျေးလျရဲ့ ပန်းခြံတော်တော်များများမှာ အိမ်မွေးတိရိစ္ဆာန်ကို ခေါ်ဆောင်လာခွင့်မရှိတဲ့အတွက် အခက်အခဲ အချို့တော့ ရှိပါတယ်။ ဒါကြောင့် ခွင့်ပြုချက်ရှိတဲ့နေရာတွေ၊ သဘာဝ သစ်တောတွေကိုဘဲ တစ်လှည့်စီ သွားရပါတယ်။ ၂၀၁၇ မှာတော့ သူတို့နှစ်ဦးဟာ သြစတျေးလျရဲ့ ပြည်နယ် ၆ ခုနဲ့ နယ်မြေ ၂ ခုကို ခရီးထွက်ခဲ့ပြီးပါပြီ။
သူတို့နှစ်ဦးဟာ ဒီလို ဘဝနေထိုင်မှုအတိုင်းပဲ ဆက်နေသွားအုံးမယ့်ပုံပါပဲ။ “ဒီစွန့်စားခန်းတွေက အဓိပ္ပာယ်မရှိဘူးလို့ ခံစားရတဲ့နေ့ကျရင်တော့ ကျွန်တော် ရပ်တန့်ပါမယ်။ ကျွန်တော့်အလုပ်ကို ထွက်ပစ်ခဲ့သလို ပေါ့” လို့ Richard က ဆုံးဖြတ်ချက် ချထားပါတယ်။
တစ်ခါတလေတော့ သူ့လိုမျိုး စိတ်ထွက်ပေါက် ပေးဖို့လိုပါတယ်။ စိတ်တွေအရမ်းဖိစီးလာတဲ့အခါ တစ်နေရာရာကို ခဏလောက်ပဲဖြစ်ဖြစ် ခရီးထွက်ပြီး စိတ်အပမ်းဖြေသင့်ပါတယ်။ စိတ်ဖိစီးစေတဲ့ ဝန်းကျင်မှာ ဆက်နေပြီး ရင်ဆိုင်တယ်ဆိုတာ အမြဲတမ်းအတွက်တော့ အဆင်မပြေပါဘူး။ Suicide လုပ်သူ အများစုဟာ ကိုယ့်ကိုယ်ကို ဘယ်လို စိတ်ထွက်ပေါက်ပေးရမလဲမသိလို့ ဖြစ်ကြတာပါ။ Get Fit, Don’t Quit ဆိုတဲ့ ဆောင်ပုဒ်ဟာ လူတိုင်းအတွက် မဟုတ်ပါဘူး။ တစ်ခါတစ်ရံတော့ ဘယ်လို Quit လုပ်ရမလဲဆိုတာ သိထားဖို့လိုပါတယ်။
Ref; www.truthinsideofyou.org
By Paulina
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။