ဝေဖန်မှုတွေနဲ့ Mulan ရဲ့ Live Action ရုပ်ရှင် အတွက် ပထမဆုံး Trailer ထွက်ရှိ

Disney ဟာ အခုနောက်ပိုင်းမှာ အရင်ကလူကြိုက်များအောင်မြင်ခဲ့တဲ့ Animated ကာတွန်းဇာတ်လမ်းလေး တွေကို Live Action အဖြစ် ပြန်လည်အသက်သွင်းရိုက်ကူးနေပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ Dumbo နဲ့ Aladdin ဇာတ်လမ်းတွေကို Live Action အဖြစ် အသက်သွင်းထားတဲ့ ရုပ်ရှင်တွေကို ရုံတင်ပြသခဲ့ပြီးပါပြီ။ The Lion King ဟာလည်း မကြာခင်ထွက်ရှိလာတော့မှာပါ။ Live Action အဖြစ် နောက်ထပ်အသက်သွင်းမယ့် ဇာတ်လမ်းကတော့ နာမည်ကျော် “Mulan” ပါပဲ။ အခုဆိုရင် “Mulan” Live Action ရုပ်ရှင်ရဲ့ ပထမဆုံး trailer ထွက်ရှိလာပြီ ဖြစ်ပါတယ်။


Mulan ရဲ့ Live Action ကို ၂၀၁၈ ခုနှစ်ကတည်းက စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၇ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ပထမဆုံး Trailer ကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က ပွဲထုတ်ခဲ့ပါတယ်။ Mulan ရုပ်ရှင်ဇာတ်လမ်းသစ်မှာ ဂူဂူးအဖြစ်လူသိများတဲ့ ပရိသတ်တွေရဲ့ အချစ်တော် နာမည်ကျော် တရုတ်-အမေရိကန်မင်းသမီးလေး Liu Yifei က Hua Mulan ဇာတ်ကောင်နေရာ ကနေ အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ Yifei နဲ့အတူ Donnie Yen, Jason Scott Lee, Yoson An တို့တင်မကဘဲ Gong Li နဲ့ Jet Li (ဂျက်လီ) တို့လို နာမည်ကျော်သရုပ်ဆောင်တွေလည်း အားဖြည့်ပါဝင်ထားတယ်။


အရင် Mulan ကာတွန်းဇာတ်လမ်းရဲ့ ပရိသတ်တွေဟာ အခု Mulan Live Action ကို မျှော်နေခဲ့ကြတာ ဖြစ်ပေမဲ့ Disney နဲ့ ပရိသတ်တွေ သဘောထားကွဲလွဲမှုလေးတွေလည်း ရှိခဲ့ပါတယ်။ အဲဒီထဲကတစ်ခုကတော့ မိန်းကလေးမဆန်ဘဲ ခပ်ကြမ်းကြမ်းခပ်ရမ်းရမ်း ကောင်မလေး Mulan နေရာမှာ မိန်းကလေးဆန်ပြီး နူးညံ့လွန်း ဟန် ပေါက်တဲ့ Yifei ကို အသုံးပြုထားတာပါပဲ။ ဒါပေမဲ့ Yifei ဟာ ပရိသတ်အချစ်တော် မင်းသမီးတစ်လက် ဖြစ် တာကြောင့် နားလည်လက်ခံပေးလို့ရပေမဲ့ ပရိသတ်တွေ လုံးဝလက်မခံနိုင်ဖြစ်နေကြတဲ့ အချက်တစ်ခုလည်း ရှိနေပါတယ်။


အဲဒါကတော့ Mulan ဇာတ်ကောင်နဲ့ အမြဲတွဲဖက်တွေ့မြင်နေကြဖြစ်တဲ့ သူနဲ့အရင်းနှီးဆုံးအဖော်လို့လည်း ဆိုရ မယ့် နဂါးလေး Mushu ဟာ Live Action မှာ မပါဝင်တာပါပဲ။ ပြောရမယ်ဆိုရင် Mushu ဟာ Mulan ဇာတ်လမ်း မှာ အဓိကကျတဲ့ ဇာတ်ကောင်တစ်ခုဆိုရင်လည်း မမှားပါဘူး။ DisInsider သတင်းဌာနရဲ့ အဆိုအရတော့ အခု Live Action ရုပ်ရှင်သစ်မှာ Mushu နေရာကို ဖီးနစ်ငှက်တစ်ကောင် အစားထိုးအသုံးပြုမယ်လို့လည်း သိရပါတယ်။ အဲဒီအတွက် Mulan ကို ချစ်ကြတဲ့ ပရိသတ်တွေက အကြီးအကျယ်ဝေဖန်နေကြတာပါ။


Mulan ဟာ ၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Animated ဂီတ-အက်ရှင်-စွန့်စားခန်း ကာတွန်းရုပ်ရှင် ဖြစ်ပြီး အတော်လေး လူကြိုက်များ အောင်မြင်ခဲ့ပါတယ်။ Mulan ဟာ သူမဖခင်ကို ကယ်တင်ဖို့အတွက် သူမဘ၀ ကို အနစ်နာခံခဲ့တဲ့ အမျိုးသမီးငယ် တစ်ယောက် ဖြစ်ပြီး ယောကျာ်းလေးအသွင်ယူကာ စစ်တပ်ထဲ ဝင်ရောက်ခဲ့ သူ ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းမှာ အရွယ်စားသေးငယ်တဲ့ အနီရောက်တရုတ်နဂါးလေး Mushu ဟာ Mulan နဲ့ အတူ အမြဲလိုလိုအနီးကပ်ရှိနေခဲ့တာ ဖြစ်ပါတယ်။


Mulan Live Action မှာ Mulan နေရာက ပါဝင်ထားတဲ့ အသက် ၃၀ အရွယ် မင်းသမီးချောလေး Lei Yifei ဟာ တရုတ်နိုင်ငံရဲ့ နာမည် အကြီးဆုံးထိပ်တန်းမင်းသမီး လေးယောက်ထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ Mulan ရဲ့ ဆရာနေရာမှာ တရုတ်မင်းသားကြီး Donnie Yen နဲ့ Mulan ရဲ့ ချစ်သူနေရာမှာ Yoson An တို့က ပါဝင်ထားကြပါတယ်။ တရုတ်မင်းသမီးကြီး ဂေါင်းလီက ဗီလိန်စုန်းမကြီး Xian Lang အဖြစ် ပါဝင်ထားသလို နာမည်ကျော်မင်းသားကြီး ဂျက်လီကလည်း ဘုရင်ကြီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။


by Cherry Mon
Ref; Comic Book, 9gag, Wikipedia

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။