Far From Home မှာ ဝင်ငွေ ၁ ဘီလျံမရခဲ့ရင် Spider-Man ကို ဆက်ဖန်တီးခွင့်မရှိတော့တဲ့ Marvel

နိုင်ငံတကာမှာ ဇူလိုင် ၂ ရက်နေ့ကစလို့ ရုံတင်ပြသနေပြီဖြစ်တဲ့ Spider-Man: Far From Home ရုပ်ရှင်ဟာ review တွေကောင်းသလို ဝင်ငွေလည်းကောင်းနေပါတယ်။ Tom Holland ပါဝင်တဲ့ Spider-Man solo ရုပ်ရှင် သစ်ဟာ ပထမဆုံးရုံတင်တဲ့ ရက်သတ္တပတ်မှာပဲ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ Far From Home အနေနဲ့ စုစုပေါင်းဝင်ငွေ ၁ ဘီလျံရရှိဖို့ မဖြစ်မနေလိုအပ်နေပါတယ်။


အကြောင်းကတော့ Spider-Man: Far From Home ဟာ ရုံချပြီးတဲ့အချိန်အထိ ၁ ဘီလျံ ဝင်ငွေမရခဲ့ဘူးဆိုရင် Marvel အနေနဲ့ နောက်ထပ် Spider-Man ရုပ်ရှင်ဇာတ်လမ်းဖို့ ဖန်တီးဖို့အတွက် မူပိုင်ခွင့်မျှဝေသုံးစွဲခွင့် မရနိုင် တော့လို့ပါပဲ။ အဲဒီအကြောင်းကို ဖျော်ဖြေရေး သတင်းလွှာတစ်ခုဖြစ်တဲ့ The Ankler မှာ ဖော်ပြခဲ့တာဖြစ်ပြီး Spider-Man ရဲ့ မူပိုင်ခွင့်ကို Sony နဲ့ Marvel တို့ မျှဝေသုံးစွဲထားတဲ့ အသေးစိတ်အကြောင်းအရာတွေလည်း ပါဝင်ပါတယ်။


Spider-Man ဟာ ကနဦးက Marvel ပိုင် ဇာတ်ကောင်တစ်ခုဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ Marvel ရဲ့ စီးပွားရေး အကြပ်အတည်းကာလ တုန်းက ထုတ်ရောင်းလိုက်တဲ့ ဇာတ်ကောင်တွေထဲမှာ ပါဝင်သွားခဲ့ရပါတယ်။ အဲဒါကြောင့် အခုလက်ရှိမှာတော့ Spider-Man ရဲ့ မူပိုင်ခွင့်ကို Sony က ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ Tom Holland ရဲ့ Spider-Man ဇာတ်ကောင်ဟာ MCU မှာ Captain American: Civil War ကစလို့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က Spider-Man: Homecoming solo ထွက်ရှိခဲ့ပြီး Avengers: Infinity War နဲ့ Endgame တို့မှာလည်း ပါဝင်ခဲ့ပါတယ်။


Marvel ဟာ Sony နဲ့အတူ Spider-Man မူပိုင်ခွင့်ကို သဘာတူညီချက်တွေနဲ့ မျှဝေသုံးစွဲခဲ့တာပါ။ လောလောဆယ်မှာ Far From Home အပါအဝင် Spider-Man solo ၂ ကား ထွက်ရှိပြီးပါပြီ။ “ ဒီရုပ်ရှင်တွေ ပူးပေါင်းထုတ်လုပ်ဖို့အတွက် မူလ Sony/Marvel/Spidey သဘောတူညီချက်ဟာ အခုဇာတ်လမ်းမှာ Spidey အနေနဲ့ ဝင်ငွေ ၁ ဘီလျံရရှိခဲ့မယ်ဆိုရင် Marvel အနေနဲ့ တတိယမြောက် solo ဇာတ်လမ်းကို ထပ်မံကြီးကြပ် ဖန်တီးခွင့်ရရှိမှာ ဖြစ်ပါတယ်။” လို့လည်း ရေးသားဖော်ပြထားပါတယ်။


တကယ်လို့ ၁ ဘီလျံမရခဲ့ဘူးဆိုရင်တော့ Spider-Man ဇာတ်ကောင်အတွက် အပြည့်အဝဖန်တီးထိန်းချုပ်ခွင့် ဟာ Sony ရဲ့လက်ဝက်ကို ပြန်လည်ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ကံကောင်းတာကတော့ ကုန်ကျစရိတ် အနေနဲ့ သန်း ၁၆၀ သာသုံးစွဲထားတဲ့ Spider-Man: Far From Home ဟာ ပထမဆုံးရုံတင်ပြသတဲ့ ရက်သတ္တပတ်မှာကတည်းက အမေရိကန်ဒေါ်လာ ၆၀၈ ဒသမ ၄ သန်း ဝင်ငွေရရှိနေပြီ ဖြစ်ပါတယ်။


အဲဒါကြောင့် ရုံချမယ့်အချိန်လောက်ဆိုရင် Far From Home ဟာ ၁ ဘီလျံဒေါ်လာ ဝင်ငွေ ရရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ Spider-Man ဇာတ်ကောင်ရဲ့ အနာဂတ်ကို Marvel ကပဲ ဆက်လက်ဖန်တီးခွင့်ရမလား Sony ရဲ့ လက်ထဲ ပြန်ရောက်သွားမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြရမှာပါပဲ။


by Cherry Mon
Ref; Yahoo, Heroic Hollywood, Wikipedia

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။