Iron Man မှသည် Sherlock Holmes ဆီသို့ တကြော့ပြန်မည့် ရောဘတ်ဒေါင်းနေးဂျူနီယာ

အသက် ၅၄ နှစ်အရွယ် နာမည်ကျော်ဟောလိဝုဒ်မင်းသားကြီး ရောဘတ်ဒေါင်းနေးဂျူနီယာ (Robert Downey Jr.) ကို Marvel ရဲ့ MCU ဇာတ်လမ်းတွေမှာ Iron Man မင်းသားအဖြစ် လူသိများပါတယ်။ ၁၉၇၀ ပြည့်နှစ် လောက်ကတည်းက ရုပ်ရှင်လောကထဲရောက်ရှိခဲ့တဲ့ ဒေါင်းနေးဟာ ရုပ်ရှင်ဇာတ်လမ်းများစွာမှာ ပါဝင်ခဲ့ဖူးပြီး နာမည်ကျော်ဇာတ်ကောင်တွေကိုလည်း သရုပ်ဆောင်ခဲ့ဖူးပါတယ်။ Iron Man အပြင် နောက်ထပ် သူ သရုပ်ဆောင်ခဲ့ဖူးတဲ့ နာမည်ကြီးဇာတ်ကောင်တစ်ခုကတော့ Sherlock Holmes ပါပဲ။


ဒေါင်းနေးပါဝင်တဲ့ Sherlock Holmes ဇာတ်လမ်း A Game of Shadows ဟာ ၂၀၁၁ ခုနှစ်တုန်းက နောက်ဆုံး ထွက်ရှိထားတာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာတော့ ဒေါင်းနေးသရုပ်ဆောင်မယ့် Sherlock Holmes ဇာတ်လမ်း သစ် ထပ်မံထွက်ရှိလာဦးမှာပါ။ ဒေါင်းနေးရဲ့ တတိယမြောက် Sherlock Holmes ရုပ်ရှင်သစ်ကို ၂၀၁၇ ခုနှစ် ကတည်းက ကြေညာခဲ့တာဖြစ်ပေမဲ့ Iron Man အဖြစ် သရုပ်ဆောင်နေရတဲ့ ဒေါင်းနေးရဲ့ မအားလပ်နိုင်အောင် များပြားလှတဲ့ အချိန်ဇယားတွေကြောင့် တဖြည်းဖြည်းနောက်ဆုတ်သွားခဲ့တာ ဖြစ်ပါတယ်။


အခုဆိုရင် ဒေါင်းနေးဟာ MCU ရဲ့ Timeline တစ်ခုအတွက် အဆုံးသတ်ရုပ်ရှင်အဖြစ် လူသိများတဲ့ Avengers: Endgame မှာ Iron Man ဇာတ်ကောင်ကို အဆုံးသတ်ခဲ့ပါတယ်။ နောက်ပိုင်း ဒေါင်းနေးတစ်ယောက် MCU ရဲ့ ရှေ့အနာဂတ်မှာ Iron Man အဖြစ် ပါဝင်လာ/မလာ ဆိုတာကတော့ အခုအချိန်မှာ မသိနိုင်သေးပါဘူး။ အဲဒါကြောင့် ဒေါင်းနေးတစ်ယောက် Sherlock Holmes ဇာတ်ကောင်အဖြစ် တကြော့ပြန်ရိုက်ကူးဖို့ အချိန် ရောက်လာပါပြီ။


၂၀၁၈ ခုနှစ်မှာတော့ Sherlock Holmes ကို ထုတ်လုပ်မယ့် Warner Bros. ဟာ တတိယမြောက်ဇာတ်လမ်းကို လာမယ့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာမှာ ရုံတင်ပြသဖို့ ကြေညာခဲ့ပါတယ်။ ဒေါင်းနေးနဲ့ လောတို့ဟာလည်း အရင် ဇာတ်ကောင်နေရာကနေပဲ ဆက်လက်ပါဝင် သွားဖို့လည်း အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်၊ မတ်လမှာ တော့ ရုပ်ရှင်ထွက်ရှိမယ့်ရက်အဖြစ် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာကို ပြောင်းလဲလိုက်ပါတယ်။ အကြောင်းကတော့ ပထမကြေညာထားတဲ့ ရက်မှာ Warner Bros က ထွက်ရှိမယ့် Animated ရုပ်ရှင်တစ်ခု ရှိနေတာကြောင့်ပါပဲ။


၂၀၁၉ ခုနှစ်၊ ဇူလိုင်မှာတော့ နာမည်ကျော် Bohemian Rhapsody ရဲ့ ဒါရိုက်တာဖြစ်သူ Dexter Fletcher ကို Sherlock Holmes ရုပ်ရှင် သစ်အတွက် ဒါရိုက်တာအဖြစ် အတည်ပြုကြေညာခဲ့ပါတယ်။ အဲဒီရုပ်ရှင်မှာလည်း မင်းသားကြီးဒေါင်းနေးက စုံထောက်ကြီး Sherlock Holmes အဖြစ် ပါဝင်သွားမှာဖြစ်သလို မင်းသားကြီး Jude Law ကလည်း ဒေါက်တာ Watson နေရာက ဆက်လက်သရုပ်ဆောင်သွားမှာပါ။


ဒေါင်းနေးဟာ ၂၀၀၈ ခုနှစ်က Iron Man ဇာတ်လမ်းမှာ စတင်ပါဝင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ သူ့ရဲ့ပထမဆုံး Sherlock Holmes ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ ဒုတိယမြောက်ဇာတ်လမ်း Sherlock Holmes: A Game of Shadows မှာ ထပ်မံပါဝင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိမယ့် ရုပ်ရှင်သစ် ကတော့ ဒေါင်းနေးအတွက် Sherlock Holmes အဖြစ် ပါဝင်မယ့် တတိယမြောက်ဇာတ်လမ်း ဖြစ်ပါတယ်။


by Cherry Mon
Ref; Variety, Joe.ie, Wikipedia

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။