မြစ်ကြီးနားမှာ ရေကြီးမှုကြောင့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ လူရှစ်ထောင်ကျော် ပြောင်းရွှေ့နေရ

လတ်တလော မြန်မာနိုင်ငံရဲ့ မြို့ကြီးတော်တော်များများမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး တချို့မြို့နယ်များမှာဆို ရေဘေးကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ပြီး ပြည်သူများ ယာယီပြောင်းရွှေ့နေထိုင်နေရတယ်လို့ သိရပါတယ်။ ယခု ဇူလိုင်လအတွင်း မိုးများ အဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေတိုးလာပြီး နီးစပ်ရာမြို့များနဲ့ နေအိမ်များကို နစ်မြုပ်သည်အထိ ဖြစ်ခဲ့ပါတယ်။

အခုတစ်ခေါက်မှာလည်း ဧရာဝတီမြစ်ရေကြီးမှုကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး အရေးပေါ် ရေဘေးကယ်ဆယ်ရေးစခန်း (၁၅)ခု ဖွင့်လှစ်ထားရတယ်လို့ သိရပါတယ်။ အဆိုပါ ရေဘေးကယ်ဆယ်ရေးစခန်းများမှာ ပြည်သူပေါင်း (၈)ထောင်ကျော်ရှိပြီး ၎င်းလူဦးရေအတွက် ပရဟိတအသင်းများနဲ့ လူမှုကူညီရေးအသင်းများက သွားရောက်ကူညီဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

ဒေသခံများ ပြောကြားချက်များအရ မြစ်ရေတွေဟာ ညအချိန်တည်းက တဖြည်းဖြည်းတက်လာတာဖြစ်ပြီး အခုဆို မြေအနိမ့်ပိုင်းရပ်ကွက်တွေ အကုန်အခြေအနေဆိုးပြီး မြုပ်ကုန်ပြီလို့ သိရပါတယ်။ ယနေ့ ဇူလိုင်လ (၁၃)ရက်နေ့အထိ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ခြေ ရေအမှတ်ကို ရောက်ရှိနေပြီး ပြည်သူများစွာ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ 

ယခုလက်ရှိအချိန်ထိတော့ မြစ်ကြီးနားမြို့ရဲ့ အထင်ကရဖြစ်တဲ့ ဗလမင်းတံတား၊ စီတာပူမနောကွင်း ဂျပန်တံတားတို့မှာ မြစ်ရေကြီးမှုကို လာရောက်ကြည့်ရှု့သူ များစွာရှိနေပြီး ဂျပန်တံတားကတော့ ဖြတ်သန်းသွားလာလို့ မရတော့ဘူးလို့လည်း သိရပါသေးတယ်။

Photo; I Love Myitkyina Page

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။