ပိုင်ရှင်မဲ့ခွေးလေးကနေ ကပ္ပတိန်အမေရိကမင်းသားရဲ့ အချစ်တော်ဖြစ်လာတဲ့ Dodger

အသက် ၃၈ နှစ်အရွယ် ဟောလိဝုဒ်မင်းသားချော ခရစ္စအီဗန်ကို ကပ္ပတိန်အမေရိကမင်းသားအဖြစ် လူသိများပါတယ်။ ကပ္ပတိန်အမေရိကကို နှစ်တစ်ရာလူပျိုကြီးအဖြစ် ချစ်စနိုးနောက်ပြောင်လေ့ရှိသလို မင်းသားချော ခရစ် ဟာလည်း တကယ့်လက်တွေ့မှာ တစ်ကိုယ်တည်းလူပျိုကြီးတစ်ယောက်ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ အထီးကျန် FA ဘ၀ ကို ပြီးပြည့်စုံစေခဲ့သူကတော့ Dodger လို့ နာမည်ပေးထားတဲ့ သူ့အချစ်တော်ခွေးလေးပဲ ဖြစ်ပါတယ်။


Valentine Day လို နေ့မျိုးတွေမှာတင်မက သူ့ရဲ့ selfie ပုံတွေမှာ ခရစ်ကို Dodger လေးနဲ့အတူ မကြခဏ တွဲဖက်တွေ့မြင်ဖူးကြမှာပါ။ ကပ္ပတိန်အမေရိကလို စူပါဟီးရိုးဇာတ်ကောင်အဖြစ် တစ်သားတည်းကျအောင် သရုပ်ဆောင်ခဲ့တဲ့ ခရစ်ဟာ အပြင်မှာလည်း တကယ့်ဟီးရိုးတစ်ယောက်ပါပဲ။ အထူးသဖြင့်တော့ သူရဲ့ခွေးလေး Dodger အတွက်ပါ။ သူနဲ့ Dodge လေးတို့ရဲ့ နောက်ကွယ်မှာ ချစ်စရာဇာတ်လမ်းလေးတစ်ခု ရှိနေပါတယ်။


ခရစ်ဟာ Dodger လေးကို ခွေးစောင့်ရှောက်ရေးဂေဟာတစ်ခုကနေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ခရစ်နဲ့ Dodger ဟာ ၂၀၁၆ ခုနှစ်က Gifted ရိုက်ကွင်းမှာ စတင်တွေ့ဆုံခဲ့တာပါ။ အဲဒီရုပ်ရှင်ရိုက်ကွင်းရဲ့ ဇာတ်သိမ်းခါနီး ဇာတ်ဝင်ခန်းတစ်ခုရဲ့ ရိုက်ကွင်းနေရာနားမှာ ခွေးစောင့်ရှောက်ရေးနေရာတစ်ခု ရှိနေခဲ့တာ ဖြစ်ပါတယ်။ ပထမ တော့ ခရစ်ဟာ ခွေးတွေရှိနေတာကို သတိမပြုမိခဲ့ပါဘူး။

ဒါပေမဲ့ Dodger လေးကို မြင်မြင်ချင်းပဲ ခရစ်တစ်ယောက် အချစ်ပိုခဲ့သလို၊ Dodger ကလည်း ခရစ်ကို မြင်မြင်ချင်း ခင်မင်ဟန် ပြခဲ့ပါတယ်။ အဲဒီလိုနဲ့ သူတို့နှစ်ဦး ရေစက်ပါလာတယ်လို့ ဆိုရမှာပါပဲ။ ခရစ်တစ်ယောက် Dodger လေးကို ခေါ်ယူမွေးစားခဲ့ပြီး Dodger လို့ နာမည်မှည့်ခေါ်ခဲ့ပါတယ်။ အခုဆိုရင် Dodger လေးဟာ ခရစ်အတွက် အကောင်းဆုံးအဖော်မွန်လေး ဖြစ်နေပါပြီ။


ခွေးလေးနဲ့ ပထမဆုံးတွေ့ဆုံတဲ့ ဗီဒီယိုလေးကိုလည်း ခရစ်က သူ့ရဲ့ Twitter မှာ တင်ခဲ့ပြီး လှောင်အိမ်ထဲကနေ ထွက်ရပြီး မွေးစားခံရဖို့ ကြိုးပမ်းနေရှာတဲ့ ခွေးလေးကို သူတစ်ခါတည်း အိမ်ခေါ်ခဲ့တဲ့အကြောင်းကိုလည်း ရေးတင်ခဲ့ပါတယ်။ အဲဒီမှာ ခရစ်က “ဂေဟာက ခွေးလေးတွေဟာ အကောင်းဆုံးခွေးတွေပါပဲ” လို့လည်း ဆိုထားပါတယ်။


တန်ဖိုးကြီးပေ့ဆိုတဲ့ ခွေးတွေကို ဝယ်ယူမွေးစားနိုင်တဲ့ မီလျံနာမင်းသားတစ်ယောက်ဖြစ်ပေမဲ့ ဒီလိုစောင့်ရှောက် ရေး ဂေဟာက ခွေးလေးကိုမှ ချစ်ခင်စွာ ခေါ်ယူမွေးစားခဲ့တာဟာ တကယ်ကို အံ့သြစရာကောင်းပါတယ်။ ခရစ် ဟာ သူ့ရဲ့ Twitter စာမျက်နှာထက်မှာ သူနဲ့ Dodger လေးရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို မကြာခဏ တင်လေ့ ရှိပါတယ်။ သူ့ရဲ့ပရိသတ်တွေကဆိုရင် သားအဖလို့ ချစ်စနိုး ခေါ်ဆိုရလောက်အောင် တပူးပူးတစ်တွဲတွဲရှိကြတဲ့ သူတို့ရဲ့ပုံရိပ်တွေဟာ ချစ်စရာကောင်းလှပါတယ်။


အမှန်တော့ ခရစ်မှာ ဟိုအရင်တုန်းက ခွေးလေးတစ်ကောင်ရှိခဲ့ဖူးပါတယ်။ အဲဒီခွေးလေးသေသွားတဲ့နောက် အရမ်းခံစားလိုက်ရတဲ့ ခရစ်ဟာ နောက်ထပ်အိမ်မွေးတိရိစ္ဆာန်မမွေးဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ Dodger လေးကို မြင်ချိန်မှာတော့ မြင်မြင်ချင်းချစ်ခင်သနားသွားခဲ့ပြီး မမွေးဘဲမနေနိုင်အောင် ဖြစ်ခဲ့ပါတယ်။


အခုအချိန်မှာ လူပျိုကြီးဖြစ်နေသေးတဲ့ ခရစ်ဟာ ဂျက်စတင်တင်းဘားလိပ်ရဲ့ လက်ရှိဇနီးသည် ဂျက်ဆီကာ ဘေးလ်နဲ့ တစ်ချိန်က နှစ်အတော်ကြာ တွဲခုတ်ခဲ့ဖူးပါတယ်။ မင်းသမီးချော မင်ကာကယ်လီနဲ့လည်း ဟိုးလေး တကျော်တွဲခဲ့ဖူးပေမဲ့ ခရစ်တစ်ယောက် မင်ကာရဲ့ခပ်ဆိုးဆိုးအပြုအမူတွေကို အတော်လေးခံစားရခဲ့ပါတယ်။ မင်ကာနဲ့ကွဲပြီးနောက်မှာ Gifted ထဲက တွဲဖက်သရုပ်ဆောင်ဖြစ်တဲ့ ဂျင်နီစလိတ်ထ်နဲ့ တွဲခဲ့ပါသေးတယ်။ အခု အချိန်မှာတော့ ခရစ်ရဲ့တွဲခုတ်တဲ့သတင်းတွေ ငြိမ်သက်နေပါတယ်။


by Cherry Mon
Ref; Metro UK, The Bark     


 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။